ဘယ်လာရုစ် သမ္မတရွေးကောက်ပွဲမှာ လက်ရှိသမ္မတ အလက်ဇန်းဒါးလူကာရှန်ကို အနိုင်ရခဲ့ပြီးနောက် သြဂုတ် ၁၀ ရက်ညက မြို့တော်မင့်စ်မှာ ဆန္ဒပြသူတွေက အရံအတားတွေ တည်ဆောက်ပြီး သမ္မတ လူကာရှန်ကို နုတ်ထွက်ရေး တောင်းဆိုခဲ့ပါတယ်။
သမ္မတ လူကာရှန်ကိုက ပြန်ရွေးကောက်ခံရအောင် ရွေးကောက်ပွဲ မသမာလုပ်တယ်လို့ အတိုက်အခံက စွပ်စွဲခဲ့ပြီးနောက် သြဂုတ် ၁၀ ရက် ဖြစ်ခဲ့တဲ့ ဆန္ဒပြသူတွေနဲ့ ရဲတပ်ဖွဲ့ ပဋိပက္ခအတွင်း လူတစ်ယောက်ထက်မနည်း သေဆုံးခဲ့ပါတယ်။
ရဲတပ်ဖွဲ့ကို အမျိုးအမည်မသိ ဖောက်ခွဲရေးပစ္စည်းနဲ့ ပစ်ပေါက်ဖို့ ကြိုးစားတဲ့ အမျိုးသား တစ်ဦးဟာ လက်ထဲမှာတင် ပေါက်ကွဲပြီး သေဆုံးခဲ့တယ်လို့ အစိုးရက ထုတ်ပြန်ပါတယ်။
မြို့တော်မင့်စ်မှာ ဒုတိယညမြောက် ဖြစ်ခဲ့တဲ့ အကြမ်းဖက်မှုအတွင်း ရဲတွေက မျက်ရည်ယိုဓာတ်ငွေ့၊ ရာဘာကျည်နဲ့ နံပါတ်တုတ်တွေသုံးပြီး ထောင်နဲ့ချီတဲ့လူတွေကို လူစုခွဲခဲ့ပါတယ်။
ဆန္ဒပြသူတွေကလည်း နေရာအတော်များများမှာ အရံအတားတွေ လုပ်ပြီး မျက်ရည်ယိုဓာတ်ငွေ့တွေနဲ့ ပြန်ပစ်ပေါက်ခဲ့ပါတယ်။
နောက်ပိုင်း အဲဒီအရံအတားတွေကို ရဲတပ်ဖွဲ့ကားနဲ့ ဝင်တိုက်ဖျက်ဆီးခဲ့တာကိုလည်း ရိုက်တာမှာ တွေ့ရပါတယ်။
2 years Ago