ဘယ်တော့ လွတ်မြောက်မလဲ

A d v e r t i s e m e n t With Us

March 27, 2020

ကိုရိုနာဗိုင်းရပ်စ်ဘေးက ဘယ်တော့ လွတ်မြောက်မလဲ - WHO အကြံပေးပုဂ္ဂိုလ်နှင့် မေးမြန်းချက် 

လက်ရှိ ကမ္ဘာတဝန်းမှာ လူပေါင်း ၅ သိန်းကျော် ရောဂါကူးစက်ခံနေရပြီး ၂ သောင်းခွဲလောက် အသက်ဆုံးရှုံးခဲ့ရပြီဖြစ်တဲ့ COVID-19 ကိုရိုနာဗိုင်းရပ်ရစ်ရောဂါနဲ့ပတ်သက်ပြီး ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ညွန်ကြားရေးမှူးချုပ်ရဲ့ အကြီးတန်းအကြံပေး ဒေါက်တာ Bruce Aylward နဲ့ TIME မဂ္ဂဇင်းနဲ့ အင်တာဗျူးကို ဘာသာပြန်ဆို ဖော်ပြလိုက်ပါတယ်။  ဒေါက်တာ Bruce Aylward ဟာ ပိုလီယိုရောဂါနဲ့ အီဘိုလာရောဂါတွေ အပါအဝင် ကမ္ဘာ့အနှံ့အပြားမှာ ဖြစ်ပွားခဲ့တဲ့ ရောဂါတွေကို တိုက်ဖျက်ရာမှာ နှစ်ပေါင်း ၃၀ လောက် အတွေ့အကြုံရှိခဲ့သူ ဖြစ်ပါတယ်။ “ဒီရောဂါဟာ သင့်ဘဝသက်တမ်းမှာ ကြုံရသမျှ ရောဂါတွေထဲ အပြင်းထန်ဆုံးထဲက တခု ဖြစ်လိမ့်မယ်။ ဒါကို သိဖို့ လိုတယ်။ အလေးထားဖို့ လိုတယ်… ဒီအခြေအနေကို ရပ်တန့်သွားအောင်။ ထိန်းချုပ်နိုင်အောင် ပြည်သူလူထုကပဲ လုပ်နိုင်ပါတယ်”လို့ ဒေါက်တာ Bruce Aylward က ပြောထားပါတယ်။ မေးမြန်းချက် အပြည့်အစုံ– မေး- ကိုဗစ်-၁၉ ဗိုင်းရပ်စ်က ဆက်ပြီးတော့ ကူးစက်နေဦးမယ်လို့ ယူဆနိုင်မလား။ ဖြေ- လက်ရှိ ကူးစက်နေတဲ့ အခြေအနေတွေကနေ အနာဂတ်ကို မျှော်ကြည့်ရင် သဲသဲကွဲကွဲ မရှိလှဘူး။ ရောဂါမကူးစက်သေးတဲ့ နေရာတွေ ရှိသေးသလို၊ ကူးစက်နေတဲ့ နေရာတွေလည်း ရှိနေတယ်။ တရုတ်ပြည်ကို ပြန်ကြည့်ရင် အရင်နဲ့ အခုအခြေအနေကို နှိုင်းယှဉ်ကြည့်တဲ့အခါ ဇန်နဝါရီလ အစောပိုင်းလောက်မှာ သူတို့ ဗိုင်းရပ်စ် ကူးစက်နေတာကို အတည်ပြုခဲ့တယ်။ အစွမ်းကုန် နည်းလမ်းနဲ့ တုံ့ပြန်ခဲ့တယ်။ ဒီတနေရာမှာ အင်အားကုန်သုံးခဲ့တယ်။ မတ်လကုန်လောက်မှာတော့ သူတို့ကပ်ဘေးကနေ လွန်မြောက်နိုင်မယ်လို့ မှန်းတယ်ပေါ့လေ၊ ဒီလိုတွက်ရင် အားလုံး သုံးလ ကြာပါတယ်။ ဥရောပ၊ မြောက်အမေရိက၊ အရှေ့အလယ်ပိုင်းနဲ့ တခြားနိုင်ငံတွေကို ကြည့်တဲ့အခါ ကူးစက်မှုဟာ ဆတိုးနဲ့ ပွားများနေတာကို တွေ့ရလိမ့်မယ်။ ဗိုင်းရပ်စ်ပိုးဟာ အရှိန်အဟုန် ကောင်းကောင်းနဲ့ အလျင်အမြန် ပြန့်ပွားနေတုန်းပဲ။ အခြေအနေအဆိုးဆုံး ဖြစ်တဲ့ အီတလီကို နမူနာအနေနဲ့ ကြည့်ပေါ့။ ဒီနိုင်ငံတွေမှာတော့ စိန်ခေါ်မှုကို ကျော်လွှားဖို့ဆိုရင် လနဲ့ချီပြီး အချိန်ကြာပါဦးမယ်။ တခြားဒေသတွေကို ကြည့်တဲ့အခါ ဥပမာ- အာဖရိကနဲ့ အိန္ဒိယရဲ့ အစိတ်အပိုင်းတွေကို ကြည့်တဲ့အခါ အခုမှ အစပျိုးကူးစက်တဲ့ အဆင့်ပဲ ရှိသေးတယ်။ အရေအတွက်အားဖြင့် နည်းသေးတယ် ဆိုပေမယ့် ကူးစက်တဲ့နှုန်းကို သေချာကြည့်တဲ့အခါ ဒီနိုင်ငံတွေမှာလည်း ဆပွားနဲ့ တိုးနေတာပဲ။ မေး- ဒါဆိုရင် အခုကနေ နောက်ထပ် ခြောက်လအကြာလောက်ဆိုရင် ဘယ်လိုတွေ ဖြစ်နေနိုင်သလဲ။ ဖြေ- ကျနော်တို့တွေ ကပ်ဘေးကနေ ရုန်းထနိုင်မယ်လို့ မျှော်လင့်ပါတယ်။  ရောဂါကတော့ ကမ္ဘာကြီးရဲ့ ဟိုနား ဒီနားမှာ ဆက်ပြီးတော့ ရှိနေဦးမှာပါ။ ဒါပေမဲ့ ဒီရောဂါကပ်ဘေးကြီးရဲ့ လှိုင်းကြမ်းကြီးကနေ ကမ္ဘာကြီးရဲ့ ဒေသအတော်များများကတော့ ရုန်းထနိုင်ပါလိမ့်မယ်။ စိန်ခေါ်မှုက တုပ်ကွေးရာသီက တကျော့ပြန်လာတော့မယ်။ အဲဒီကာလကြီးမှာ ဒီကပ်ဘေးက တကျော့ ပြန်လာဦးမလား ဆိုတာကတော့ မေးခွန်းကြီးတခု ဖြစ်နေတယ်။ မေး- ခြောက်လကနေ နောက်ထပ် ရှေ့ကို နည်းနည်းလေး မျှော်ကြည့်လိုက်ရင် ဘာတွေ မျှော်လင့်ထားလဲ။ ကိုဗစ်-၁၉ က လုံးဝ ပပျောက်သွားမယ့်အခြေအနေ ရှိသလား။ မှန်းကြည့်ရတာကတော့ ကမ္ဘာကြီးမှာ ဒီရောဂါလှိုင်းကြီးကတော့ ကြုံရဦးမှာပဲ။ ကမ္ဘာ့တောင်ပိုင်းဒေသမှာ ကြီးကြီးမားမား အပြောင်းအလဲမဖြစ်ဘူး ဆိုရင်ပေါ့လေ။ ဒီနေရာမှာ မေးခွန်းက ဘာတွေ ဖြစ်ဦးမှာလဲပေါ့။ ဒီရောဂါက လုံးဝ ပျောက်ကွယ်သွားမလား။ ဒီလိုမဟုတ်ဘဲ ကျနော်တို့ ရောဂါကပ်ဘေးက ရာသီစက်ဝန်းလို လည်နေမလား။ ဒီလိုမဟုတ်ဘဲ ကမ္ဘာ့ကပ်ဘေးက ကျနော်တို့ ထိန်းနိုင်တဲ့ သာမန် ကူးစက်ရောဂါအဆင့်ကို အာနိသင် ကျဆင်းသွားမလား။ တော်တော်များများကတော့ ဒီရောဂါကြီး ဥုံဖွ ဆိုပြီး လုံးဝပျောက်သွားဖို့တော့ အလွန့်အလွန်ကို ဖြစ်နိုင်ခြေ နည်းပါတယ်။ ဒီရောဂါက လူတွေကို ကူးစက်တာ တအားလွယ်ကူနေတော့ မပြီးသေးတဲ့ လှိုင်း၊ သို့မဟုတ် သိပ်မပြင်းထန်တဲ့ ရောဂါအနေနဲ့က ဖြစ်နိုင်ခြေ ပိုများပါတယ်။ ဒီနေရာမှာ နိုင်ငံတွေ၊ လူ့အဖွဲ့အစည်းတွေက ဘယ်လိုတုံ့ပြန်သလဲဆိုတဲ့အပေါ် မူတည်တယ်။ အကယ်၍ ကျနော်တို့တွေ ရောဂါကူးစက်တဲ့ လူအယောက်တိုင်းကို စမ်းသပ်နိုင်တယ်။ လူနာကို အများနဲ့ ခွဲထားနိုင်တယ်။ ရောဂါကူးစက်မှု အခြေအနေကို လျှော့ချနိုင်လိမ့်မယ်။ ဒီလိုမဟုတ်ဘဲ ရောဂါကူးစက်သူကို မရှာဖွေနိုင်ဘဲနဲ့ လူတွေအားလုံး အိမ်ပြင်မထွက်ကြနဲ့ဆိုတဲ့ ဆောင်ရွက်မှုမျိုးကိုပဲ အားကိုးနေမယ်ဆိုရင်တော့ ပြန်ထွက်တာနဲ့ ကူးစက်မှုလှိုင်းက ပြန်တက်လာမှာပဲ။ ဒါကြောင့် အနာဂတ်အကြောင်းကို ပွင့်ပွင့်လင်းလင်းပြောရရင် ကျနော်တို့အပေါ်မှာ မူတည်သလို ဗိုင်းရပ်စ်အပေါ်မှာလည်း မူတည်တယ်။ မေး- ဒါဆိုရင် တရုတ်ပြည်မှာ ဒုတိယလှိုင်းနဲ့ ကြုံနိုင်သေးသလား။ ဖြေ- သေချာတာပေါ့။ တရုတ်ပြည်ကို စိုးရိမ်တာပဲ။ တရုတ်နိုင်ငံထဲမှာ ကျနော်တို့ လိုက်လေ့လာတော့ အနောက်နိုင်ငံတွေနဲ့ မတူတဲ့အချက်က မြို့တော်ဝန်တွေ၊ အုပ်ချုပ်ရေးမှူးတွေကို ခင်ဗျားတို့ ဘာတွေ လုပ်နေလဲလို့ မေးတဲ့အခါ သူတို့ လူနာခုတင်တွေ ပြင်ဆင်နေတယ်။ အသက်ရှူစက်တွေ ဝယ်နေတယ်။ ပြင်ဆင်နေတယ်လို့ ဖြေကြတယ်။ ဒါတောင် တချို့ကူးစက်မှုနှုန်းက ဆယ်ဂဏန်းတောင် မရှိတော့ဘူးနော်။ ဒီဗိုင်းရပ်စ်ပိုးက ပျောက်ကွယ်သွားလိမ့်မယ်လို့ သူတို့ မထင်သေးဘူးတဲ့။ ဒီကြားထဲကပဲ လူတွေ ပုံမှန်အတိုင်း လည်ပတ်နိုင်အောင်၊ စီးပွားရေး ပြန်လည်ပတ်နိုင်အောင်၊ ကျန်းမာရေးစနစ် လည်ပတ်နိုင်အောင် လုပ်နိုင်မယ်လို့ မျှော်လင့်တယ်တဲ့။ အခု အခြေအနေမျိုးကတော့ ပြန်ပြီး အရောက်မခံတော့ဘူးတဲ့။ မေး- ဒီကပ်ဘေးမှာ နိုင်ငံရေးက ပြည်သူ့ကျန်းမာရေးအပေါ် လွှမ်းမိုးခဲ့တာမျိုး တွေ့ခဲ့ရသလား။ နိုင်ငံရေးကြောင့် တုံ့ပြန်မှုတွေ နှေးကွေးခဲ့သလား။ ဖြေ- ဒီလို မရှိပါဘူး။ ကျနော်တို့ ဒီလိုပြောရင် တော်တော်များများက သဘောတူမှာ မဟုတ်ဘူး။ တချို့နိုင်ငံတွေမှာ ဖြစ်သွားတဲ့ကိစ္စက သူတို့တွေက ဒီရောဂါ ဘယ်လောက်ထိ ပြင်းထန်သလဲဆိုတဲ့အပေါ်မှာ သဘောမတူကြတာပဲ။ ဘယ်လောက်ထိ ကူးစက်နိုင်သလဲ ဆိုတဲ့အပေါ်မှာ တယောက်တပေါက် ဖြစ်နေခဲ့ကြတာပဲ။ အခု ကျနော်တို့ ရင်ဆိုင်နေရတဲ့ ရောဂါဟာ လူတဦးချင်းအတွက်ရော၊ လူ့အဖွဲ့အစည်းတခုလုံးအတွက်ပါ အလွန်ပြင်းထန်ပြီး အလွန်အန္တရာယ်ရှိတယ် ဆိုတာကို ကျနော်တို့ သဘောညီမှ ဖြစ်မယ်။ ဒီလိုမှမဟုတ်ရင် ပြည်သူလူထုကလည်း ဒါကို လက်ခံဖို့ ခဲယဉ်းလိမ့်မယ်။ ပြည်သူလူထုက နားမလည်ဘူး၊ လက်မခံဘူးဆိုရင် ရောဂါကို ထိန်းချုပ်ဖို့ ဘာမှ ဆက်လုပ်လို့ရမှာ မဟုတ်ဘူး။ မေး- အီတလီမှာ သေနှုန်းက ဘာကြောင့် တအားမြင့်မားနေရတာလဲ။ ဖြေ- အကြောင်းတွေ တိုက်ဆိုင်သွားတာလည်း ပါတယ်။ အီတလီ လူဦးရေကို ကြည့်ရင် ကမ္ဘာ့မှာ သက်ကြီးရွယ်အိုတွေက ဂျပန် ပြီးရင် အများဆုံးပဲ။ လူတွေက ဒါကို မေ့နေကြတယ်။ (ဥရောပမှာ) သက်ကြီးရွယ်အို အများဆုံးနိုင်ငံပဲ။ ဒါကြောင့် ရောဂါ အခြေအနေက ပိုဆိုးမယ်။ အသက်ဆုံးနိုင်ခြေ ပိုများတယ်ပေါ့။ မေး- ဘယ်နိုင်ငံတွေက ခံနိုင်ရည်အနည်းဆုံး ဖြစ်မလဲ။ ဖြေ- နိုင်ငံတိုင်းက ခံနိုင်ရည် အနည်းဆုံးဆိုတဲ့ အခြေအနေမှာပဲ  ရှိနေပါတယ်။ ဒါပေမဲ့ မေးခွန်းက ဆင်းရဲတဲ့နိုင်ငံတွေမှာ တကယ်တမ်း ရောဂါကူးစက်လာပြီးဟေ့ ဘာတွေ ဖြစ်မလဲ ဆိုတာပဲ။ ဥပမာ- အာဖရိက ဆိုပါတော့။ သူတို့မှာ ကျန်းမာရေးစောင့်ရှောက်မှု စွမ်းရည် အားနည်းတယ်လေ။ တကယ်ဖြစ်လာရင် ပြဿနာက အကြီးကြီးဖြစ်သွားမယ်။ ဒါကို ကျနော်တို့ တွေးတောင် မတွေးရဲဘူး။ လူဦးရေ အနေအထားက အထိုက်အလျောက်တော့ သက်သာရာရစေနိုင်ပါတယ်။ အပူချိန်နဲ့ လေထုစိုထိုင်းဆက အရေးကြီးသလားလို့ မေးရင် ကျနော်ကတော့ အရေးကြီးမယ်လို့ မျှော်လင့်ပါတယ်။ စင်ကာပူကို ကြည့်ပါ။ ပူတယ်။ လေထုက စိုထိုင်းတယ်။ ဒီလို နိုင်ငံတွေမှာ အခြေအနေက တော်တော် ခြားနားပါတယ်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက နိုင်ငံတွေကို ဆေးစစ်ပါ၊ ဆေးစစ်ပါ။ စစ်ဆေးပါလို့ တဖွဖွ တိုက်တွန်းနေတယ်နော်။ ဒီလို မလုပ်နိုင်တဲ့ နိုင်ငံတွေ ရှိမယ်လို့ ထင်လား။ ဒီမေးခွန်းက ဖြေရတာ မခက်ပါဘူး။ ပြောင်းပြန် ပြန်မေးကြည့်မယ်လေ။ ဆေးစစ်ပါလို့ ဒီလောက် တိုက်တွန်းနေပေမယ့် လုံလောက်အောင်လုပ်နိုင်တဲ့ နိုင်ငံ တွေ့မိသလား။ အကန့်အသတ် ရှိပါတယ်။ တရုတ်၊ တောင်ကိုရီးယားနဲ့ စင်ကာပူတို့ကိုပဲ ကြည့်ပါဦး။ မေး- ကမ္ဘာ့မှာ ရှိတဲ့ လူငယ်တွေကို ဘယ်လို သတင်းစကားများ ပါးချင်သေးလဲ။ ဖြေ- ဒီရောဂါက ခင်ဗျားတို့ ဘဝတလျှောက်မှာ ကြုံရမယ့် အဆိုးဆုံးရောဂါတွေထဲမှာ ပါဝင်နေတယ်။ ဒါကို သိဖို့ လိုတယ်။ အလေးအနက်ထားဖို့ လိုတယ်။ ဒီရောဂါက ခင်ဗျားတို့ တဦးချင်းအတွက်လည်း အန္တရာယ်ပဲ။ ခင်ဗျားတို့ မိဘတွေအတွက်လည်း အန္တရာယ်ပဲ။ အထူးသဖြင့် ခင်ဗျားတို့ အဘိုး အဘွားတွေ၊ သက်ကြီးရွယ်အိုတွေအတွက်လည်း အန္တရာယ်ပဲ။ လူ့အဖွဲ့အစည်း တခုလုံးအတွက် အန္တရာယ်ပဲ။ ဒီနေရာမှာ ဘယ်သူမှ ရေလယ်က ကျွန်းတကျွန်းလို သီးသန့်ကြီး ဖြစ်မနေဘူး။ ကိုယ်ဟာ လူ့အဖွဲ့အစည်းထဲမှာ ရှိနေတယ်။ ကူးစက်မှုစက်ဝန်းမှာ ကွင်းဆက်တခု ဖြစ်နေတယ်။ ကိုယ့်မှာ ရောဂါကူးစက်ခံရပြီဆိုရင် ပိုပြီးတော့ ရှုပ်ထွေးသွားပြီ၊ ကိုယ်တယောက်တည်းအတွက် မဟုတ်ဘဲ တခြားလူတွေအတွက်ပါ အန္တရာယ် ဖြစ်သွားတယ်။ ဒီရောဂါသစ်ကို ဘယ်တော့မှ ဘယ်နည်းနဲ့မှ လျှော့မတွက်စေချင်ဘူး။ ကျနော်တို့ မသိသေးတာတွေ အများကြီးပဲ။ ကျနော်တို့ သိတာက ဒီရောဂါကြောင့် လူငယ်တွေလည်း သေနိုင်တယ်။ ဖျားနာနိုင်တယ်။ ပေါ့ပေါ့တန်တန် သဘောမထားစေချင်ဘူး။ မေး- တနိုင်ငံလုံး လမ်းပေါ်မထွက်ရ အမိန့်နဲ့ ဆောင်ရွက်ပြီးရင် ဘာတွေ ဆက်လုပ်သင့်သလဲ။ ဖြေ- ဆေးစစ်ပါ။ ဆေးစစ်ပါ။ ဆေးစစ်ပါ။ ဆေးစစ်ပါ။ ဆေးစစ်ပါလို့ပဲ ထပ်ပြောချင်တယ်။ လူတိုင်းကို ဆေးစစ်ဖို့တော့ မဟုတ်ဘူး။ သံသယရှိသူတွေကို ဆေးစစ်ပါ။ ရောဂါကူးစက်တာ သေချာရင် လူနာကို သီးသန့်ခွဲထားပါ။ အပြင်မထွက်ပါစေနဲ့။ မေး- ဒီကပ်ဘေးကြီး ဘယ်လို ပြီးဆုံးသွားမယ်လို့ ထင်လဲ။ ဖြေ- နောက်ထပ် ဗိုင်းရပ်စ်ပိုးအသစ်ကို လူသားတွေရဲ့ နှိမ်နင်းနိုင်တဲ့ အောင်ပွဲနဲ့ပဲ အဆုံးသတ်သွားမှာပါ။ ဒီအပေါ်မှာ ဘာမှ အငြင်းပွားစရာ မရှိပါဘူး။ အဓိကမေးခွန်းက ကျနော်တို့တွေ ဘယ်လောက် အတိုင်းအတာ၊ ဘယ်လောက်မြန်မြန်နဲ့ အသေအပျောက် အဖိတ်အစဉ် နည်းနိုင်သမျှ အနည်းဆုံးဖြစ်အောင် ဆောင်ရွက်နိုင်မလဲ ဆိုတာပါပဲ။ အချိန်တန်ရင် ကျနော်တို့မှာ ကုထုံးရှိလာမယ်။ ကာကွယ်ဆေး ရှိလာမယ်။ ဒါ ကပ်ဘေးကို ကျော်လွှားဖို့ ကျနော်တို့ အသည်းအသန် ကြိုးစားနေကြတယ်။ ဒီနေရာမှာ ပြည်သူလူထုကလည်း ကိုယ်စီ ကိုယ်စီ ကိုယ့်ပါဝင်ရမယ့် အပိုင်းက စိတ်ရှည်ရှည်နဲ့ ပူးပေါင်းဆောင်ရွက်ဖို့ဟာ အရေးကြီးပါတယ်။ နောက်ဆုံးကျတော့ ဒီအခြေအနေကို ရပ်တန့်သွားအောင်။ ထိန်းချုပ်နိုင်အောင် ပြည်သူလူထုကပဲ လုပ်နိုင်ပါတယ်။ ရည်ညွန်း၊ Will Corona virus Ever Go Away? What a Top WHO Expert Thinks | Time - Always Be Positive!
11 months Ago
Up