ဘယ်လာရင်၏ နောက်ကျချေပဂိုးဖြင့် အာဆင်နယ်နှင့် ချဲလ်ဆီး သရေကျ

January 4, 2018

ဘယ်လာရင်၏ နောက်ကျချေပဂိုးဖြင့် အာဆင်နယ်နှင့် ချဲလ်ဆီး သရေကျ (ရုပ်သံ)

ပရီးမီးယားလိဂ်ပွဲစဉ် ၂၂ အဖြစ် အာဆင်နယ်နဲ့ ချဲလ်ဆီးတို့ မနေ့ညက ယှဉ်ပြိုင်ရာ တဖက် ၂ ဂိုးစီ သရေကျသွားပါတယ်။ အာဆင်နယ်ဟာ တိုက်စစ်မှူး လာကာဇက်တီ၊ ဆန်းချက်ဇ်၊ အိုဇေးလ် စတဲ့ အဓိက တိုက်စစ်အတွဲနဲ့ ပွဲထွက်လာသလို ချဲလ်ဆီးအသင်းကလည်း မိုရာတာ၊ ဟာဇက်၊ ဖာဘရီဂတ်စ်၊ ကန်တေ၊ ဘာကာယိုကို စတဲ့ အဓိက ကစားသမားတွေနဲ့ ယှဉ်ပြိုင်ခဲ့ပါတယ်။ ပထမပိုင်းမှာ ချဲလ်ဆီးတိုက်စစ်မှူး မိုရာတာ အပိုင်ကန်သွင်းခွင့်ရခဲ့ပေမယ့် လွဲချော်ခဲ့သလို ကွင်းလယ်လူ ဘာကာယိုကိုရဲ့ ကန်သွင်းမှုကိုလည်း အာဆင်နယ်ဂိုးသမား ပီတာဆက်ခ်ျ ကာကွယ်နိုင်ခဲ့ပါတယ်။ အာဆင်နယ်အသင်းကလည်း တိုက်စစ်မှူး လာကာဇက်တီရဲ့ ချဲလ်ဆီးဂိုးဧရိယာအတွင်း အနီးကပ် ကန်သွင်းချက်ကို ဂိုးသမား ကော့တွိုက် ကာကွယ်နိုင်ခဲ့သလို ဆန်းချက်ဇ်ရဲ့ အပြင်းကန်သွင်းမှုလည်း ဂိုးတိုင်နဲ့ထိပြီးနောက် ချဲလ်ဆီးဂိုးသမား ဖမ်းမိခဲ့လို့ အာဆင်နယ် နစ်နာခဲ့ရပါတယ်။ ပထမပိုင်းမှာ နှစ်သင်းစလုံး အပြန်အလှန် ထိုးဖောက်တိုက်စစ်ဆင် ကစားခဲ့ပေမယ့် ဂိုးမရခဲ့ဘဲ သရေကျခဲ့ပါတယ်။ အိမ်ရှင် အာဆင်နယ်အသင်းဟာ ဒီနေ့ပွဲမှာ ဘောလုံးပိုင်ဆိုင်မှု အနည်းငယ် အသာစီးရခဲ့ပေမယ့် ထိုးဖောက်ကန်သွင်းခွင့်မှာတော့ ချဲလ်ဆီးက အသာရခဲ့တာပါ။ အာဆင်နယ်အတွက် အဖွင့်ဂိုးကိုတော့ ပွဲချိန် ၆၃ မိနစ်မှာ ကွင်းလယ်ကစားသမား ဝီလ်ရှိုင်းယား အပြင်းကန်သွင်းပြီး ရယူပေးခဲ့ပါတယ်။ ဒီ့နောက် ပွဲချိန် ၆၇ မိနစ်မှာ ချဲလ်ဆီးကွင်းလယ်လူ ဟာဇက်က ပယ်နယ်တီမှတဆင့် ချေပဂိုးသွင်းယူပေးခဲ့ပြီး ၈၄ မိနစ်မှာ နောက်ခံလူ မားကို့စ်အလွန်ဆိုက ဦးဆောင်ဂိုး သွင်းယူပေးခဲ့ပါတယ်။ အာဆင်နယ်အတွက် ချေပဂိုးကိုတော့ ပွဲပြီးခါနီး နာကျင်အချိန်ပိုမှာ ဘယ်လာရင်က ချဲလ်ဆီးဂိုးဧရိယာအစပ်ကနေ ကန်သွင်းပေးခဲ့လို့ ပွဲအပြီးမှာ တဖက် ၂ ဂိုးစီ သရေကျသွားပါတယ်။ ဒီပွဲသရေကျတဲ့အတွက် ချဲလ်ဆီးအသင်းက ရမှတ် ၄၆ မှတ်နဲ့ အမှတ်ပေးဇယား အဆင့် ၃ မှာပဲ ဆက်ရပ်တည်နေသလို အာဆင်နယ်ကလည်း ၃၉ မှတ်နဲ့ အဆင့် ၆ မှာ ရှိနေပါတယ်။
4 years Ago
Up