ဘယ်ကလာလဲမေးရင် မြန်မာကဆိုတာ အမြဲဂုဏ်ယူဝင့်ကြွားစွာ ပြောပါတယ် - အောင်လအင်ဆန်း (ရုပ်သံ)

A d v e r t i s e m e n t With Us

March 12, 2016

ဘယ်ကလာလဲမေးရင် မြန်မာကဆိုတာ အမြဲဂုဏ်ယူဝင့်ကြွားစွာ ပြောပါတယ် - အောင်လအင်ဆန်း (ရုပ်သံ)

အမေရိကန်ပြည်ထောင်စုမှာ မြန်မာစပါးကြီးမြွေလို့ နာမည်ကြီးနေတဲ့ ကချင်လူမျိုး နာမည်ကျော် လက်ဝှေ့သမား အောင်လအင်ဆန်းဟာ အီဂျစ်က ၀ူရှုး ချန်ပီယံ တိုက်ခိုက်ရေးသမား မိုဟာမက် အလီနဲ့ မတ် ၁၈ ရက်မှာ ထိုးသတ်မှာ ဖြစ်ပါတယ်။ မြန်မာစံတော်ချိန် ၆ နာရီခွဲမှာ ရန်ကုန် သုဝဏ္ဏ အားကစားရုံမှာ မစ်ဒယ်ဝိတ်တန်း ပြိုင်ပွဲအဖြစ် အောင်လနဲ့ အလီတို့ ထိုးသတ်မှာလို့ One Championship လူမှုရေးကွန်ရက် ဖေ့စ်ဘွတ်ခ်မှာ ကြေညာထားပါတယ်။ ဒီပွဲမှာ အောင်လအတွက် မွေးရပ်မြေနဲ့ မြန်မာ ပရိသတ်တွေရှေ့မှာ ပထမဆုံး ထိုးသတ်ရမှာ ဖြစ်သလို ထိုးသတ်မယ့် အောင်လအင်ဆန်းနဲ့ အလီတို့ရဲ့ ပွဲကို ဦးတည်ပြီး သူတို့ ပြောဆိုချက်တွေနဲ့ ထိုးသတ်မှုတွေ ပါဝင်တဲ့ ၆ မိနစ်ကျော် ရုပ်သံဖိုင်ကိုတည်း တင်ပေးထားပါတယ်။ “မြန်မာက လှပတဲ့ နိုင်ငံပါ၊ နေရာတိုင်းမှာ လှပတဲ့ ရှုခင်းတွေ ရှိပါတယ်၊ ကျနော်တို့ ဆီမှာ တောတောင်တွေ မြစ်တွေ ရှိပါတယ်”လို့ အောင်လက မြန်မာအကြောင်းကို ပြောပြပါတယ်။ မြန်မာက မှန်ကန်တဲ့လမ်းကြောင်းအတိုင်း ရှေ့ကို ဆက်နေသလို လွန်ခဲ့တဲ့ ၅ နှစ် ၆ နှစ် ဒါမှမဟုတ် အရင် နှစ် ၂၀ ကဆိုရင် ဒီလိုပွဲမျိုး မြန်မာမှာ ကျင်းပဖို့ မလွယ်တဲ့ အကြောင်းနဲ့ ဒီလမ်းကြောင်းအတိုင်း ရှေ့ဆက်ရမှာ ဖြစ်တယ်လို့ ဆိုပါတယ်။ “တခါတလေ ဘယ်ကလာသလဲလို့ အမေးခံရရင် ကျနော်က သူတို့ကို မြန်မာကဆိုတာကို အမြဲတမ်း ဂုဏ်ယူဝင့်ကြွားစွာပြောပါတယ်” လို့ အောင်လက ပြောပါတယ်။ အရင်က သုဝဏ္ဏကွင်းနဲ့ သိပ်မဝေးတဲ့နေရာမှာ နေဖူးသလို ဒီနေရာဟာ သိပ်မစိမ်းဘဲ ရင်းနှီးနေတယ်လို့လည်း အောင်လက ပြောပြထားပါတယ်။ ဒီနေရာမှာ ထိုးသတ်ခွင့်ဟာ အခွင့်အရေးတခုဖြစ်နေသလို သုဝဏ္ဏကွင်းက မြန်မာပရိသတ်တွေ ရှေ့မှာ ထိုးသတ်ရမှာဟာ အံ့သြစရာ ခံစားချက်တခုလို့ သူက ပြောပါတယ်။ အီဂျစ်တိုက်ခိုက်ရေးသမားတွေဟာ သန်မာ အားကောင်းသလို ဘက်စုံသုံးတိုက်ခိုက်ရေး ပြိုင်ပွဲမှာ နာမည်ကြီးပြီး လွယ်လွယ် အရှုံးမပေးဘူးလို့ အလီက ပြောပါတယ်။ အိမ်ပရိသတ်ရှေ့မှာ ထိုးသတ်ရတဲ့အတွက် အကောင်းဆုံး ထိုးသတ်နိုင်ဖို့ ဖိအားက အောင်လပေါ်မှာ ရှိမှာ ဖြစ်ပေမယ့် သူကတော့ ဖိအားမရှိဘူးလို့ ပြောပါတယ်။ အလီက ၁၀ ပွဲနိုင် ၇ ပွဲ ရှုံးထားသလို အောင်လကတော့ ၁၆ ပွဲနိုင် ၉ ပွဲရှုံးထားပါတယ်။ ပြိုင်ပွဲတွေကို ၀ိတ်တန်းပေါ်မူတည်ပြီး ခွဲခြားထားသလို ဘက်စုံသုံးတိုက်ခိုက်ရေး One Championship လက်ဝှေ့ပြိုင်ပွဲမှာ မြန်မာ တိုက်ခိုက်ရေးသမားတွေ အပြင် ဘရာဇီး၊ ဖိလစ်ပိုင်၊ စင်ကာပူစတဲ့ နိုင်ငံတကာက တိုက်ခိုက်ရေး သမားတွေ ပါဝင် ယှဉ်ပြိုင်ကြမှာ ဖြစ်ပါတယ်။
5 years Ago
Up