ထိုင်းနိုင်ငံ မြို့တော်ဘန်ကောက်မှာ ဒါဇင်နဲ့ချီတဲ့ တက်ကြွလှုပ်ရှားသူတွေ ဇန်နဝါရီ ၂၃ရက်မှာ စုရုံးခဲ့ပြီး ဘန်ကောက်လေထုညစ်ညမ်းမှုကို ဖြေရှင်းဖို့ အစိုးရကို တောင်းဆိုဆန္ဒပြခဲ့ကြပါတယ်။
အာဏာပိုင်တွေက အရေးယူဆောင်ရွက်မှုမရှိလို့ အစိုးရအိမ်တော်ဆီ ချီတက်ခဲ့တယ်လို့ လေထုညစ်ညမ်းမှုကာကွယ်တဲ့ မျက်နှာဖုံးတွေ ဝတ်ထားတဲ့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ တက်ကြွ လှုပ်ရှားသူတွေက ပြောပါတယ်။
အရင်လက ဘန်ကောက် လေထုဟာ မကျန်းမမာဖြစ်စေတဲ့အဆင့်ထိ ညစ်ညမ်းခဲ့တာပါ။ ကမ္ဘာလှည့်ခရီးသည်တွေ လာရောက်လည်ပတ်မှုများတဲ့ ဘန်ကောက်မြို့မှာ လေထုအရည်အသွေး ညွှန်းကိန်းဟာ ဒီသီတင်းပတ်အတွင်း မကျန်းမမာ ဖြစ်စေတဲ့အဆင့် ၁၆၃ထိ ရောက်ခဲ့တယ်လို့ လွတ်လပ်တဲ့ လေထုအရည်အသွေး စောင့်ကြည့်ရေး အဖွဲ့ AirVisual က ပြောပါတယ်။
လေထုအရည်အသွေး ညွှန်းကိန်း ၁၀၀နဲ့ အထက်ဟာ မကျန်းမမာဖြစ်စေတဲ့ အဆင့်ပါ။ ဆိုးရွားတဲ့ ကျန်းမာရေးဘေးအန္တရာယ်ကိုဖြစ်စေတဲ့ လေထုအတွင်း အမှုန်ပါဝင်မှု PM2.5 ဟာ ကျန်ခဲ့တဲ့ ရက် ၃၀အတွင်း ၂၃ ရက်လုံးမှာ မကျန်းမမာဖြစ်စေတဲ့ အဆင့်ရောက်နေတာကို တိုင်းတာ တွေ့ရှိထားတယ်လို့ AirVisual က ပြောပါတယ်။
လေထုညစ်ညမ်းမှုကြောင့် ဘန်ကောက်မြို့မှာ ဇန်နဝါရီ ၂၂ရက်က မြို့တွင်း ကျောင်းတွေ အားလုံး ပိတ်ထားဖို့ အစိုးရက အမိန့်ထုတ်ခဲ့ရတာပါ။
ထိုင်းဝန်ကြီးချုပ် ပရာယွတ် ချန်အိုချာက ကျန်းမာရေး မကောင်းတဲ့လူတွေက ကျန်းမာရေးဂရုစိုက်ပြီး မျက်နှာဖုံးတွေ ဝတ်ထား သင့်တယ်။ သူ့လိုကျန်းမာရေးကောင်းတဲ့ လူတွေကတော့ လေထုညစ်ညမ်းနေပေမယ့် ဒဏ်ခံနိုင်တယ်လို့ ဒီသီတင်းပတ်ထဲမှာ ပြောခဲ့လို့ ပြည်သူတွေ ဒေါသထွက်ခဲ့ကြပါတယ်။
3 years Ago