ဘန်ကောက်မြို့ ၃၇ ထပ်အဆောက်အအုံ

August 24, 2021

ဘန်ကောက်မြို့လယ်ကောင် ၃၇ ထပ်တွင် မီးလောင်

ထိုင်းနိုင်ငံ ဘန်ကောက်မြို့လယ် ကျဒူးကျတ်နယ်မြေ ဝိဖားဝဒီရန်းဆစ် လမ်းသွယ် ၉ ရှိ ၃၇ ထပ်တိုက်မှာ မနေ့ညက မီးလောင်မှုဖြစ်ပွားခဲ့ပါတယ်။ 

အဆိုပါနေရာဟာ အက်စ်အိုအေစစ်ကုမ္ပဏီရဲ့ ဆောက်လက်စရုံးခန်းဖြစ်ပြီး မနေ့ည ၁၁ နာရီလောက်မှာ ၃၆ ထပ်ကနေစပြီး ၃၇ ထပ်ထိ လောင်ကျွမ်းခဲ့တာပါ။ 

မီးလောင်တဲ့နေရာဟာ အလွန်မြင့်မားတဲ့ အဆောက်အဦဖြစ်တာကြောင့် သာမန် မီးသတ်ကားနဲ့ ငြှိမ်းသတ်လို့မရဘဲ အရှေ့တောင်အာရှမှာ အကောင်းဆုံး၊ ထိုင်းမှာလည်း ၄ ခုတည်းသာရှိတဲ့ ကရိန်းခြင်း ရေဖျန်းကရိယာကို အသုံးပြုရကြောင်း၊ အဆိုပါကရိန်းမှာလည်း အထပ် ၃၀ ထိသာ မီတာကြောင့် ကယ်ဆယ်ရေးမီးသတ်တပ်ဖွဲ့ဝင်တွေက မီးသတ်ဘူးပေါင်း ၁၂၀ ကို အသုံးပြုခဲ့ရတယ်လို့ ဆိုပါတယ်။ 

အဆိုပါအဆောက်အဦဟာ ဆောက်လက်စဖြစ်တာကြောင့် ဓာတ်လှေကားလည်း အပေါ်ဆုံး ထိမရောက်သေး၊ ရေပိုက်တွေလည်း မသွယ်တန်းရသေးတာကြောင့် မီးသတ်ဘူးကို အပေါ်ထပ်ကို ရိုးရိုးလှေကားကနေ ခဲယဉ်းစွာ သယ်ဆောင်ခဲ့ရကြောင်း၊ ဒီကနေ့ မနက် ၁ နာရီလောက်မှာ မီးငြှိမ်းသတ်နိုင်ပြီး မီးလောင်ရတဲ့အကြောင်းရင်းကိုတော့ စုံစမ်းဆဲလို့ ဆိုပါတယ်။ ကယ်ဆယ်ရေးအဖွဲ့ခေါင်းဆောင်ကတော့ နေ့ခင်းဆောက်လုပ်ရေးလုပ်ငန်းခွင်မှာ သံဂဟေဆော်ရာက ကြွင်းကျန်ခဲ့တဲ့ မီးပွားလေးကနေ စလောင်တာဖြစ်နိုင်ကြောင်း၊ လုပ်ငန်းခွင်ထဲက သစ်တွေ ငြမ်းတွေက လောင်စာလို ဖြစ်နေကြောင်း၊ ဒါပေမဲ့လည်း ထိခိုက်ဒဏ်ရာရသူ တစ်ဦးတစ်ယောက်မှ မရှိဘူးလို့ သတင်းထောက်တွေကို ပြောသွားပါတယ်။

3 months Ago
Up