ဘန်ကောက်မြို့လယ်

August 4, 2020

ဘန်ကောက်မြို့လယ်တွင် ပစ်ခတ်မှုဖြစ်၊ ရဲအရာရှိ ၁ ဦးအပါအဝင် ၄ ဦး သေဆုံး 

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့လယ် ယန်နာဝါနယ်မြေ ဖရလမ်းဆာမ်လမ်းမှာ မနေ့ညက ပစ်ခတ်မှုဖြစ်ပွားပြီး ရဲအရာရှိ ၁ ဦးအပါအဝင် လူ ၄ ဦး သေနတ်ဒဏ်ရာနဲ့ သေဆုံးသွားတယ်လို့ ခေါဝ်ဆွတ် ထိုင်းသတင်းမှာ ဖော်ပြပါတယ်။  ဩဂုတ် ၃ ရက် ည ၁၁ နာရီလောက်က ဖရလမ်းဆာမ်လမ်းသွယ် ၈၈ ရှိ တိုက်ခန်းတစ်ခုမှာ ပစ်ခတ်မှုဖြစ်ပွားကြောင်း သတင်းရရှိတဲ့အတွက် အရေးပေါ်လူနာတင်ယာဉ်နဲ့ အတူ သွားရောက်စစ်ဆေးခဲ့တယ်လို့ ထုန့်မဟာမေ့ခ်နယ်မြေရဲတပ်ဖွဲ့မှ ရဲအုပ်ကြီး အာဝုဒ်ကျောက်မဏီက သတင်းထောက်တွေကို ပြောပါတယ်။ အခင်းဖြစ်ပွါးတဲ့နေရာဟာ  ၁၀ ခန်းတွဲပါ ၄ ထပ်တိုက်ကြီးဖြစ်ပြီး အောက်ဆုံးထပ်က ဟင်းလင်းပြင်ဖြစ်ကာ စီစီကင်မရာတွေ ထောင့်တိုင်းမှာ တပ်ဆင်ထားကြောင်း၊ အခင်းဖြစ်တဲ့ တိုက်ခန်းထဲမှာတော့ လူ ၄ ဦး သေနတ်ဒဏ်ရာနဲ့ လဲကျသေဆုံးနေတာတွေ့ရတယ်လို့ ဆိုပါတယ်။  သေဆုံးသူ ၄ ဦးမှာ ဒုရဲအုပ်အဆင့်ရှိ ရဲတပ်ဖွဲ့ဝင် ၁ ဦး ၊ အမျိုးသား ၁ ဦး နဲ့ အမျိုးသမီး ၁ ဦးတို့ ဖြစ်ပြီး သေနတ်သမားကတော့ ဒီမတိုင်ခင်ကတည်းက ထွက်ပြေး လွတ်မြောက်သွားတယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။  အနီးတဝိုက်နေထိုင်သူတွေ ပြောပြချက်အရ အဆိုပါတိုက်ခန်းမှာ ဂိမ်းနဲ့ လောင်းကစားဝိုင်းတွေ ဖွင့်ထားပြီး ည ၁၁ နာရီလောက်က သေနတ်သံအချက်ပေါင်းများစွာ ကြားရကြောင်း၊ အခန်းပိုင်ရှင်က ပစ်ခတ်မှုဖြစ်ဖြစ်ချင်းရဲကို ချက်ချင်းအကြောင်းမကြားဘဲ အခန်းထဲက တရား မဝင်ပစ္စည်းတချို့ကို သိမ်းဆည်းပြီး လူတချို့ကို ပြန်လွှတ်လိုက်ပြီးမှ ရဲကိုခေါ်ခဲ့တယ်လို့ ဆိုပါတယ်။  စစ်ဆေးမေးမြန်းချက်အရ အခင်းဖြစ်တဲ့ညက အဆိုပါအခန်းထဲမှာ လူပေါင်း ၆၀ ကျော် လောင်းကစားနေကြပြီး တရုတ်အမျိုးသား ၁ ဦး ဝင်ရောက်လာကာ အကြွေးရစရာရှိတဲ့ကိစ္စနဲ့ ပတ်သက်လို့ ငြင်းခုံစကားများခဲ့ကြောင်း ၊ အဆိုပါတရုတ်အမျိုးသားက သေနတ်ထုတ် ခြိမ်းခြောက်လို့  ဒုရဲအုပ်က လာရောက်ညှိနှိုင်းဖျောင်းဖျခဲ့ကြောင်း၊ ဒါပေမဲ့ သေနတ်သမားက  နားမထောင်ဘဲ  ရန်ဘက်ကိုရော တာဝန်ကျရဲဝန်ထမ်းကိုပါ ပစ်ခတ်သွားတာလို့ ဆိုပါတယ်။  လောလောဆယ် အဆိုပါသေနတ်သမားကို ဖမ်းဆီးအရေးယူနိုင်ဖို့ ရဲတပ်ဖွဲ့ဝင်တွေက ပိုက်စိပ်တိုက်ရှာဖွေနေကြပါတယ်။  ကိုးကား-Khaosod
2 years Ago

February 18, 2020

ဘန်ကောက်မြို့လယ် ကုန်တိုက်ကြီးတွင် ပစ်ခတ်မှုထပ်မံဖြစ်ပွားပြီး  ၁ ဦးသေ၊ ၁ ဦးဒဏ်ရာရ 

ထိုင်းနိုင်ငံ ဘန်ကောက်မြို့လယ်ရှိ ကုန်တိုက်ကြီးတခုထဲမှာ ဒီကနေ့ ညနေ ၃ နာရီခွဲက သေနတ်ပစ်ခတ်မှုဖြစ်ပွားပြီး အမျိုးသမီးတဦး သေဆုံးကာ တဦး ထိခိုက်ဒဏ်ရာရသွားတယ်လို့  ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။ ပစ်ခတ်မှုဟာ ဖယားထိုင်းနယ်မြေ ချိုင်းဆမော်ရဖုမ်းကျောက်တိုင်အနီး Century Movies Plaza ကုန်တိုက် စတုတ္ထထပ်က The Icon Clinic အလှပြင်ဆေးခန်းတခုမှာ ဖြစ်သွားတာပါ။  ပစ်ခတ်မှုကြောင့် အလှပြုပြင်ရေးဆေးခန်းမှ အသက် ၂၈ နှစ်ရွယ် အမျိုးသမီး သေဆုံးပြီး ၂ ဦးမှာ မေ့မြောသွားတယ်လို့ မန်နေဂျာအွန်လိုင်း သတင်းမှာ ဖော်ပြပါတယ်။  သေဆုံးသူ အမျိုးသမီးဟာ အရေးပေါ်ကယ်ဆယ်ရေးလုပ်သားတွေက ရှေးဦးသူနာပြုစုပေးနေစဉ် သေဆုံးသွားတာဖြစ်ပြီး သတိမေ့သူ ၂ ဦးအနက် ၁ ဦးမှာ သေနတ်ထိမှန်ဒဏ်ရာကြောင့် ဆေးရုံကို ပို့လိုက်ပါတယ်။  သေနတ်သမားမှာ အမျိုးသား ၁ ဦးဖြစ်ကြောင်း မျက်မြင်တွေက ပြောဆိုပြီး ပစ်ခတ်ရတဲ့ အကြောင်းရင်းကိုလည်း မသိရသေးပါဘူး။ လောလောဆယ် တာဝန်ရှိရဲတပ်ဖွဲ့က အဆိုပါနေရာတဝိုက်ကို ကန့်သတ်လိုက်ပြီး သေနတ်သမားကို အပူတပြင်း ရှာဖွေနေပါတယ်။  ထိုင်းနိုင်ငံမှာ ပြီးခဲ့တဲ့လနဲ့ ဒီလအတွင်း မြို့လည်ကောင် ကုန်တိုက်ကြီးထဲ ရွှေဆိုင် ဓားပြတိုက်ပြီး ပစ်ခတ်မှု၊ လူအစုလိုက်အပြုံလိုက် သေကျေဒဏ်ရာရအောင် ပစ်ခတ်မှုနဲ့  လူနေရပ်ကွက်ထဲကနေ သေနတ်နဲ့ အချက်ပေါင်းများစွာ ပစ်ခတ်မှုတွေ ဆက်တိုက်ဖြစ်ပွားနေတာကြောင့် မြို့နေလူထုကြား အထိတ်တလန့် ဖြစ်နေရပါတယ်။
2 years Ago
Up