ဘန်ကောက်မြန်မာသံရုံး

October 8, 2020

ဘန်ကောက်မြန်မာသံရုံးတွင် ကြိုတင်မဲပေးမှုအခြေအနေနှင့်ပတ်သက်သည့် အမြင်များ

၂၀၂၀ အထွေထွေရွေးကောက်ပွဲအတွက် ဆန္ဒမဲပေးပိုင်ခွင့်ရှိတဲ့ ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားတွေ ဘန်ကောက်မြို့ရှိ  မြန်မာသံရုံးမှာ အောက်တိုဘာ ၃ ရက်က စတင်   ကြိုတင်ဆန္ဒမဲပေးနေကြရာမှာ  အောက်တိုဘာ ၇ ရက် အထိ မဲလာပေးသူ အရေအတွက် ၃၅၀၀ ‌ကျော်ရှိသွားပြီလို့ နိုင်ငံခြားရေးဌာန ထုတ်ပြန်ချက်တွေအရ သိရပါတယ်။ ကြိုတင်ဆန္ဒမဲပေးပွဲ အတွေ့အကြုံနဲ့ ရွေးကောက်ပွဲနဲ့ ပတ်သက်တဲ့ သဘောထား အမြင်တွေကို   ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားတချို့ကို မေးမြန်းပြီး စုစည်း ဖော်ပြလိုက်ပါတယ်။ ကိုသန်းဇော်ထိုက် ( မဟာချိုင်အခြေစိုက် ရွှေ့ပြောင်းလုပ်သားအခွင့်အရေးကွန်ရက်အဖွဲ့)  “ကျနော်ကတော့ တနင်္သာရီတိုင်း  ပုလောမြို့နယ်ကပါ။ အမှန်ဆိုရင် ကျနော့်စာရင်းက  အောက်တိုဘာ ၇ ရက်နေ့မှ မဲထည့်ရမှာ၊ အောက်တိုဘာ ၃ ရက်နေ့က ပထမဆုံးမဲရုံဖွင့်တော့ အခြေအနေသွားပြီးလေ့လာတာပေါ့။ ဟိုရောက်တော့ လူကထင်သလောက်မများဘူး၊ အဲဒီနေ့က မဲပေးရမယ့်လူစာရင်း ၁၈၀၀ ကျော်ရှိတာ။ ၃၀၀ ကျော် ၄၀၀ နီးပါးပဲ လာပေးတယ်လို့ သိရတယ်။ ကျနော်က ကိုယ့်အလှည့်မရောက်သေးပေမယ့် မဲထည့်လို့ရမလားဆိုတော့ တာဝန်ရှိသူတွေက ရတယ်ဆိုလို့ မဲထည့်ခဲ့ရပါတယ်ခင်ဗျာ။ မဲရုံက စနစ်တကျပြင်ဆင်ထားတာ တွေ့ရတယ်။ ထိုင်းရဲ တွေလည်း လုံခြုံရေးယူပေးတယ်။ ကိုဗစ်-၁၉ ကာကွယ်ဖို့ အပူချိန်တိုင်းတာ၊ လက်ဆေးဖို့ အယ်လ်ကိုဟောဂျယ်လီတွေလည်း ထားပေးပါတယ်။ ကျနော့်နာမည်စာမည်စာရင်းက အဲဒီ ၃ ရက်နေ့မှ မပါပေမယ့် တာဝန်ရှိသူတွေက သေချာပြန်ရှာပေးတယ်။ ကျနော်တို့ဘက်ကလည်း ကိုယ့်အမှတ်စဉ်နံပါတ်ကို ကိုယ့်ဖာကိုယ်မှတ်ထားတော့ ရှာရပိုလွယ်တာပေါ့။ မဲလာထည့်တဲ့ သူနည်းရတဲ့အကြောင်းကတော့  သံရုံးက မဲဆန္ဒရှင်အမည်စာရင်းနဲ့ လာထည့်ရမယ့်ရက်ကို အင်တာနက်လူမှုကွန်ရက်ပေါ်တင်ထားပေးတယ်။ ဒါပေမဲ့ မဲထည့်မယ့်သူအများစုက ရွှေ့ပြောင်း အလုပ်သမားတွေလေ၊ သူတို့က ဖေ့စ်ဘွတ်ခ် အင်တာနက်ကို ကျယ်ကျယ်ပြန့်ပြန့် သုံးချိန်မရှိဘူး။ သုံးရင်လည်း သံရုံးရဲ့ ဖေ့စ်ဘွတ်ခ်ကို ရှာတတ်ပြန်ဘူး။ တချို့က သံရုံးဖေ့စ်ဘွတ်ခ် စာမျက်နှာ တွေ့ပြန်တော့ စာမျက်နှာတွေက အများကြီးဆိုတော့ ရှာရတာခက်နေတယ်။ သံရုံးကလည်း အလုပ်များလို့နဲ့တူပါတယ်။ ကောင်းကောင်းစိစစ်ပြီး မတင်ပေးနိုင်ဘူး၊ တချို့က နာမည်ပါမလာဘူး။ တချို့ကတိုင်းဒေသကြီးတွေရောနေတယ်။ ပြီးတော့ မဲသွားထည့်ရမယ့်အချိန်နဲ့ လူစာရင်းကို တရက်အလိုမှ ကပ်ပြီးကြေညာတော့မသိလိုက်ဘူးပေါ့ ၃ ရက်နေ့က၊ အဲလိုတွေရှိတယ်။ နာမည်စာရင်းမကြည့်တတ်တဲ့ အလုပ်သမားတွေရှိရင် ကျနော်တို့ MWRN အဖွဲ့ ၀၃၄ ၄၂၅၀၈၄ ကိုဆက်သွယ်လိုက်ပါ ကျနော်တို့ကူရှာပေးနေတယ်လို့ ပြောချင်ပါတယ်ခင်ဗျာ။” ကိုကျော်ဖြိုးဝေ (ဘန်ကောက်ရောက် ရွှေ့ပြောင်းလုပ်သား)  “မဲထည့်ရတာ တချို့လူအတွက်လည်းလွယ်တယ်။ ဘန်ကောက်အနီး တဝိုက်ဆိုရင်ပေါ့။ တချို့အတွက်လည်း မလွယ်ဘူး။ ဘာလို့လဲဆိုတော့ တချို့က နယ်တွေမှာ၊ အဝေးကြီးမှာ၊ စာရင်းက ရက်ကပ်ပြီးမှထွက်လာတော့ အလုပ်ရှင်ဆီကြိုတင်ခွင့်တောင်းဖို့ရာ မမီတော့ဘူး။ ဖေ့စ်ဘွတ်ခ်ပေါ် တင်ထားတဲ့ အမည်စာလုံးတွေသေးတာ ရှာရခက်တာရှိတယ်။ သူတို့လည်း လူတွေအများကြီးကို စာလုံးကြီးကြီးနဲ့ရေးပေးဖို့က ခက်ခဲပါလိမ့်မယ်။ နန်းအေးရွှေ (ဘန်ကောက်ရောက်ရွှေ့ပြောင်းလုပ်သား) “မနေ့က မဲသွားထည့်ခဲ့ပြီ၊ မဲရုံ ၁-၂ -၃ ခွဲထားတော့ လူလည်းသိပ်မများဘူး။ အမှန်တော့ ရှမ်းပြည်နယ်အလှည့်မကျသေးဘူး။ ဒါပေမဲ့ ပေးထည့်တော့ ထည့်လိုက်တယ်။ အဆင်ပြေတယ် ၊ စိတ်ရှည်လက်ရှည်ရှင်းပြတယ်။  ဒါပေမဲ့သံရုံးမှာ မြန်မာလို မေးပြီး မြန်မာလိုပဲ ဖြေရမယ်နော်။ မြန်မာလို မတတ်ရင်အခက်အခဲဖြစ်မယ်။ မြန်မာလိုမတတ်ဘဲ မဲသွားထည့်ရင် ကိုယ့်ကိုဘာသာပြန်ပေးမယ့်အဖော်ခေါ်သွားသင့်တယ်။ ဘာသာပြန်က အထဲထိတော့ လိုက်ဝင်သွားလို့ မရဘူးနော်။ ကျမသူငယ်ချင်းတွေထဲမှာ မြန်မာစာမတတ် မြန်မာစကား မတတ်သူတွေ အများကြီးပဲ။ တချို့ကလည်း ရုံးတွေဘာတွေ သွားရမှာကြောက်တယ်။  သူတို့သွား မထည့်ရင် မထည့်တတ်ရင် အလကား ဖြစ်ကုန်မယ်။” ဦးမိုးကြိုး (ဥက္ကဋ္ဌ မြန်မာပြည်သားများအရေးပူးတွဲလှုပ်ရှားမှုကော်မတီ)  “ကျနော်တို့ မဲဆောက်က ဒီရွေးကောက်ပွဲမှာ နိုင်ငံသားအခွင့်အရေး ရှိမှန်းလည်း သိပါတယ်။ လုပ်သင့်မှန်းလည်း သိတယ်။ ထည့်လည်းထည့်ချင်တယ်။ သံအရာရှိရုံးမှာ မဲပေးခွင့်လျှောက်လွှာ တင်ထားကြတာလည်း ၁၆၀၀ လောက်ရှိတယ်။ အစက မဲဆောက်မှာ မဲရုံခွဲလေးတစ်ခုများ ဖွင့်ပေးမလားဆိုတဲ့ မျှော်လင့်ချက်နဲ့ပေါ့လေ။ ဒါပေမဲ့ ဘန်ကောက်ထိသွားပေးမှရမှာဆိုတော့ကာ အခက်အခဲတွေရှိတယ်။ နံပါတ် (၁) ခရီးသွားလာနိုင်ဖို့ လိုအပ်တဲ့အထောက်အထား စာရွက် စာတမ်းပြည့်စုံမှု ၊ နံပါတ် (၂) ကိုဗစ်-၁၉ ကင်းစင်ကြောင်း ဆေးလက်မှတ်သွားလုပ်ရမယ်၊  နံပါတ် (၃) ခရီးစရိတ်စက သွား ရမှာက ၁ ရက်ထဲနဲ့မပြီးဘူးလေ။ တည်းခိုဖို့ကိစ္စ၊ ဘန်ကောက်မှာ သွားတတ်လာ တတ်ဖို့လည်းလိုသေးတယ်။ အဲဒီတော့ ကျနော်သိတဲ့ထဲကတော့ ဘယ်သူမှသွား မထည့်ကြပါဘူး ခင်ဗျာ။ ထိုင်းနိုင်ငံမှာ ကျနော်တို့မြန်မာနိုင်ငံသား ၂ သန်းကျော်ရှိတယ်။ မဲပေးဖို့ စာရင်းတင်ထားတာ ၃၀၀၀၀ ကျော်ပဲရှိတယ်။ အဲဒီ ၃၀၀၀၀ ကျော်က အကုန်လာပေးနိုင်လိမ့်မယ်လို့ ကျနော်ကတော့ မထင်ပါဘူးခင်ဗျာ။ ကိုမြင့်ဝေ (Thai Action Committee for Democracy in Burma) ဒါရိုက်တာ  “ကိုဗစ်-၁၉ ကြောင့် ထိုင်းနိုင်ငံက မြန်မာမဲဆန္ဒရှင်တွေတော်တော်များမဲမပေးရဘူး။ သံရုံးမှာ မဲထည့်မှုအခြေအနေ စောင့်ကြည့်တဲ့အဖွဲ့လည်း မရှိဘူး။ လုပ်အားပေးတဲ့အဖွဲ့တွေကလည်း လုပ်ငန်းစဉ်အားလုံးကို စောင့်ကြည့်ပိုင်ခွင့်မရှိဘူး။ နိုင်ငံတကာကပြည်သူတွေ ထည့်လိုက်တဲ့ မဲပြားတွေကို မြန်မာနိုင်ငံပြန်ပို့တဲ့အချိန်မှာ မြန်မာသံရုံးရဲ့ လုပ်ပိုင်ခွင့်နဲ့ တာဝန်က ဘယ်လောက်ထိရှိလဲ၊ ဥပမာ မဲပုံးကို မြန်မာသံရုံးကဖွင့်တာလား ဖွင့်ပြီးတော့ သက်ဆိုင်ရာမြို့ နယ်တွေကို ခွဲပေးရတာလား၊ ဒါမှမဟုတ်ရွေးကောက်ပွဲကော်မရှင်ဆီ တိုက်ရိုက်ပို့ပြီး ရွေးကောက်ပွဲ ကော်မရှင်က သက်ဆိုင်ရာမြို့နယ်ဆီခွဲပေးတာလား ဘယ်သူက တာဝန်ယူလဲ၊ မဲပုံးတွေဖွင့်ပြီး ခွဲပေး နေမှာလည်း စိုးရိမ်စရာ အဲဒါလည်းမေးစရာဖြစ်နေတယ်။ ဒီမိုကရေစီစနစ်မှာ သံရုံးက ဝန်ထမ်းပဲ ဖြစ်ဖြစ်၊ သံအမတ်ပဲဖြစ်ဖြစ်၊ ဒုတိယသံမှူးကြီးပဲဖြစ်ဖြစ် ဘယ်သူမှတဦး တယောက်ကို ယုံကြည် တယ်ဆိုတာ မရှိဘူး။ လူအားလုံးရဲ့ရှေ့မှာ ကိုယ်စားပြုတဲ့ လူတွေ အဖွဲ့အစည်းတွေကနေသာ သက်သေခံအဖြစ် အသိအမှတ်ပြုချိတ်ပိတ် ဒါမျိုးလုပ်ရမှာ။”  ဓာတ်ပုံ- MOFA
7 months Ago

October 1, 2020

ကြိုတင်မဲပေးခွင့်ရမည့် မဲဆန္ဒရှင်စာရင်းနှင့် အချိန်ဇယား ဘန်ကောက်မြန်မာသံရုံး ထုတ်ပြန် 

၂၀၂၀ ရွေးကောက်ပွဲအတွက် ကြိုတင်မဲပေးခွင့်ရမယ့် မြန်မာနိုင်ငံတွေရဲ့ မဲဆန္ဒရှင်စာရင်းနဲ့ မဲပေးရမယ့်နေ့ရက် အချိန်လိုက်နာ ဆောင်ရွက်ရမယ့်စည်းကမ်းတွေကို ဘန်ကောက်ရှိ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးကရော ချင်းမိုင်ရှိ မြန်မာကောင်စစ်ဝန်ရုံးကပါ ထုတ်ပြန်ပါတယ်။  ဘန်ကောက်မှာဆိုရင် မဲဆန္ဒရှင်တို့ရဲ့နေရပ် ပြည်နယ်နဲ့တိုင်းအပေါ်မူတည်ပြီး မဲရုံ ၃ ရုံ ဖွင့်လှစ်သွားမှာဖြစ်ကာ  အောက်တိုဘာ ၃ ရက်မှ ၁၈ ရက်အထိ မနက်ပိုင်း ၈ နာရီမှ  ၁၂ နာရီအထိ နဲ့ ညနေပိုင်း မွန်းလွဲ ၁၂ နာရီခွဲမှ  ညနေ ၆ နာရီထိ ဖွင့်လှစ်သွားမယ်လို့ မြန်မာသံရုံးက  ထုတ်ပြန်ပါတယ်။  ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ မန္တလေးတိုင်းနဲ့ စစ်ကိုင်းတိုင်းက မဲဆန္ဒရှင်တွေကတော့ ဘန်ကောက်ရှိ အမှတ် ၁၁၀ ဆာထွဏ်းနေလမ်း မြန်မာသံရုံးအသစ်မှာ ဖွင့်ထားတဲ့ မဲရုံအမှတ် ၁  မှာ  ကြိုတင်မဲသွားပေးရမှာ ဖြစ်ပါတယ်။  မကွေးတိုင်း၊ မွန်ပြည်နယ်နဲ့ ကချင်ပြည်နယ်က မဲဆန္ဒရှင်တွေဟာ အမှတ် ၁၃၂ ဆာထွဏ်းနေလမ်း မြန်မာသံရုံးအဟောင်းမှာဖွင့်ထားတဲ့ မဲရုံအမှတ် ၂ မှာ သွားပေးရမှာဖြစ်ပါတယ်။  တနင်္သာရီတိုင်း၊  ကရင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကယားပြည်နယ်၊ ချင်းပြည်နယ်က မဲဆန္ဒရှင်တွေဟာ အမှတ် ၁၃၂ ဆာထွဏ်းနေလမ်းရှိ မြန်မာသံရုံးအ ဟောင်းမှာဖွင့်ထားတဲ့ မဲရုံအမှတ် ၃ မှာ သွားပေးရမှာဖြစ်ပါတယ်။  ရက်အလိုက်မဲပေးရမယ့်သူတွေရဲ့ အမည်စာရင်းကို ဆက်လက်ထုတ်ပြန်ပေးမယ်လို့ ဆိုပါ တယ်။  ထိုင်းနိုင်ငံ မြောက်ပိုင်းရောက် မြန်မာနိုင်ငံသားတွေကတော့ ချင်းမိုင်မြို့ ဆီဖုန်းရပ်ကွက် မနီးနုပ်ဖလပ်လမ်းသွယ် ၃ ရှိ  မြန်မာကောင်စစ်ဝန်ရုံးမှာ အောက်တိုဘာ ၁၀ ရက်၊ ၁၁ ရက် နဲ့  ၁၃ ရက်တွေမှာ  ဆန္ဒမဲပေးရမယ်လို့ ချင်းမိုင်မြန်မာကောင်စစ်ဝန်ရုံးက ထုတ်ပြန်ပါတယ်။  မဲပေးရမယ့်အချိန်က  မနက် ၈ နာရီမှာ ၁၂ နာရီထိနဲ့   မွန်းလွဲ ၁၂ နာရီခွဲမှ ညနေ ၅ နာရီထိ တနေ့ ၂ ကြိမ်ရှိကြောင်း၊ မဲဆန္ဒရှင်တွေအနေနဲ့ မိမိနေရပ်လိပ်စာ မြို့နယ်အပေါ်မူတည်ပြီး သတ်မှတ်ထားတဲ့ နေ့ရက်အချိန်တွေမှာ အရောက်လာပေးရမယ်လို့ ဆိုပါတယ်။   ရှမ်းပြည်နယ် မိုင်းကိုင်၊ လားရှိုး၊ မိုင်းရှူး၊ နမ့်စန်၊ ကျေးသီးမြို့နယ်က မဲဆန္ဒရှင်တွေဟာ အောက်တိုဘာ ၁၁ ရက်နေ့မှာမဲပေးရမှာပါ။ ရှမ်းပြည်နယ် ကွန်ဟိန်း၊ လင်းခေး၊ ကျောက်မဲ၊ သီပေါ၊ တန့်ယန်း၊ မိုင်းပျဉ်း၊ မိုင်းပန်၊ မိုင်းဆတ်၊ မူဆယ်၊ ကလော၊ လွိုင်လင်၊ သိန္နီ၊ မိုးနဲ၊ မောက်မယ်၊ ဆီဆိုင်၊ မိုင်းဖြတ်၊ မောက်မယ်၊ ပင်းတယ၊ ဖယ်ခုံ၊ မိုင်းတုံ၊ တောင်ကြီး၊ နမ္မတူ၊ ဟိုပုန်း၊ နောင်ချို၊ ရပ်စောက်၊ နမ့်ဆန်၊ တာချီလိတ်၊ ကွတ်ခိုင်၊ ကျိုင်းတုံ၊ ပင်လောင်း၊ ဟိုပန်၊  မိုင်းရယ် စတဲ့မြို့နယ်က မဲဆန္ဒရှင်တွေဟာ အောက်တိုဘာ ၁၁ ရက်မှာ မဲပေးရမှာပါ။  ရှမ်းပြည်နယ် လဲချားမြို့နယ်နဲ့ နေပြည်တော်ကောင်စီနယ်မြေ၊ ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်၊ စစ်ကိုင်းတိုင်း ဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်းဒေသကြီး စတဲ့ဒေသက မဲဆန္ဒရှင်တွေဟာ အောက်တိုဘာ ၁၃ ရက်နေ့ လာရောက်မဲပေးရမှာဖြစ်ပါတယ်။  အဆိုပါ ရက်တွေမှာ  ချင်းမိုင်ကောင်စစ်ဝန်ရုံးမှာ မဲလာပေးရမယ့် မဲဆန္ဒရှင်စုစုပေါင်း ၉၉၅ ဦးရှိပါတယ်။ မဲလာပေးမယ့် သူတွေဟာ သတ်မှတ်ထားတဲ့အချိန်အတိုင်း ကိုယ်တိုင်လာထည့်ဖို့၊ နိုင်ငံကူး လက်မှတ်မူရင်း ဒါမှမဟုတ် မိတ္တူဒါမှမဟုတ် ယာဉ်မောင်းလိုင်စင် ၊ အလုပ်သမားကတ် စတဲ့ အထောက်အထားတွေ ယူဆောင်လာရမှာဖြစ်ပြီး  ကိုဗစ်-၁၉ ကာကွယ်ရေးအတွက်  Mask တပ်တာ၊ တဦးနဲ့တဦးခပ်ခွါခွါနေတာ ၊ မဲရုံထဲမဝင်မီ လက်ဆေးတာတွေ လုပ်ရမယ်လို့ ဆိုပါတယ်။  ဒါ့အပြင် မဲရုံထဲကို မဲထည့်ရမယ့်သူသာဝင်ရမှာဖြစ်ပြီး နိုင်ငံရေးပါတီအလံအမှတ်အသားပါ ရင်ထိုး ၊ တံဆိပ် ၊ စတစ်ကာတွေ ယူဆောင်လာခြင်း ဝတ်ဆင်ခြင်းမပြုဖို့၊ ချွန်ထက်ပေါက်ကွဲစေတဲ့ အရာတွေမယူဖို့ ၊ မဲရုံအတွင်း ဓာတ်ပုံ ဗွီဒီယိုရိုက်ကူးခြင်းမပြုဖို့နဲ့ ၊ မဲဆွယ်ခြင်း မပြုလုပ်ဖို့ ကန့်သတ်ထားပါတယ်။ မဲပေးပိုင်ခွင့်ရှိသူ အမည်စာရင်းကိုတော့ အောက်ပါလင့်ခ်တွေမှာ ကြည့်ရှုနိုင်ပါတယ်။ -ဘန်ကောက်မြန်မာသံရုံး ဖေ့စ်ဘွတ်ခ်  https://www.facebook.com/Myanmar-Embassy-Bangkok-100627225082545/photos/a.143004634178137/143004647511469   -မြန်မာအလုပ်သမားသံအရာရှိရုံးဖေ့စ်ဘွတ်ခ်   https://www.facebook.com/myanmar.labour.office.thai    -ထိုင်းမြောက်ပိုင်းက မဲပေးခွင့်ရှိသူစာရင်းကြည့်ရန်  ချင်းမိုင်ကောင်စစ်ဝန်ရုံး ဖေ့စ်ဘွတ်ခ်  https://www.facebook.com/chiangmai.mcg/photos/pcb.1476604495858012/1476599172525211  
7 months Ago
Up