ဘန်ကောက်

December 10, 2021

ဘန်ကောက်တွင် မြန်မာမိန်းကလေး ၁ ဦးအား ခြေလက်ကြိုးတုပ်ပြီး Tik Tok ပေါ်လွှင့်တင်သည့် မြန်မာစုံတွဲ ဖမ်းဆီးခံရ

ထိုင်းနိုင်ငံ ဘန်ကောက်မှာ မြန်မာမိန်းကလေး ၁ ဦးကို ခြေလက်ကြိုးတုပ်ပြီးတော့ လူမှုကွန်ရက် Tik Tok ပေါ်လွှင့်တင်ခဲ့တဲ့ မြန်မာစုံတွဲကို ဖမ်းဆီးရမိခဲ့တယ်လို့ ထိုင်းလဝက ရဲဌာနချုပ်က  ပြောပါတယ်။  

ပြီးခဲ့တဲ့ ၈ ရက်နေ့က ဘန်ကောက် လဝကရဲဌာနချုပ်မှာ ပြုလုပ်တဲ့  လပတ်မှုခင်းသတင်းစာ ရှင်းပွဲမှာ ထိုင်းဒုရဲချုပ် ဖတ်ဖုန်းဖိဖတ်ဆတ်ကျဖန်းက အခြားအမှုတွေနဲ့အတူ ထည့်သွင်း ပြောကြားခဲ့တာပါ။ 

ဒီမတိုင်ခင် ပြီးခဲ့တဲ့ ဇူလိုင်လလောက်က ပထုန်ဌာနီခရိုင် ခလောင်းလုံမြို့ရှိ တိုက်ခန်းတစ်ခု ထဲမှာ ဇော်လို့ခေါ်တဲ့ မြန်မာအမျိုးသား ၁ ဦးက မင်း (အမည်လွှဲ) မိန်းကလေး ၁ ဦးကို ခြေတောက်နှစ်ဘက်လုံးရော လက်နှစ်ဘက်လုံးကိုပါ ကြိုးတွဲလွဲချည်နှောင်ပြီး သူမဟာ သူခိုးလို့ပြောဆိုကာ ဗွီဒီယိုရိုက်ပြီး Tik Tok လူမှုကွန်ရက်မှာ ဖြန့်ခဲ့တယ်လို့ ဆိုပါတယ်။ 

အဆိုပါဖြစ်စဉ်ကို အိမ်နီးချင်းထိုင်းပြည်သူ ၁ ဦးက သိရှိပြီး သွားရောက်ဟန့်တားမှ မိန်း ကလေးကို လွှတ်ပေးခဲ့ကြောင်း၊ မိန်းကလေးက လွတ်လာတဲ့နောက် နယ်လှည့်လုံခြုံရေး ယူနေတဲ့ ရဲကိုတိုင်ကြားခဲ့ရာမှာ ရဲကလည်း ခလောင်းလုံနယ်မြေရဲစခန်းမှာ အမှုဖွင့်ပေးပြီး အထောက်အထားတွေစုဆောင်းကာ  ဆက်လက်စုံစမ်းစစ်ဆေးရေးတွေ လုပ်ခဲ့ပါတယ်။ 

အဲဒီနောက် ကျူးလွန်သူ ဇော်ဟာ ဘန်ကောက် စမဲဒမ်နယ်မြေ ဘန်ခွန်ထိမ်းလမ်းသွယ် ၁၄ ရှိ ကွန်ဒိုတိုက်ခန်းတစ်ခုမှာ ပုန်းအောင်းနေကြောင်းသတင်းရတဲ့အတွက် သွားရောက်ဖမ်းဆီးခဲ့ပြီး သူ့ရဲ့မိန်းမကိုလည်း  ကြံရာပါအဖြစ် ဖမ်းဆီးခဲ့တယ်လို့ ဆိုပါတယ်။ 

သူတို့ လင်မယား ၂ ယောက်စလုံးကို ခလောင်းလုံရဲစခန်းက တပါးသူအားချုပ်နှောင်မှု၊ တပါးသူရဲ့ အရှက်နဲ့သိက္ခာပျက်ပြားအောင် ဆောင်ရွက်မှု၊ ကွန်ပြူတာဥပဒေတွေနဲ့ပါ အရေးယူ သွားမယ်လို့ လဝကရဲချုပ်က ပြောသွားပါတယ်။ 

1 month Ago

December 6, 2021

ဘန်ကောက်တွင် ၁၃ နှစ်ကြာ ကျွန်ပြုခိုင်းစေခံရသည့် မြန်မာအမျိုးသမီး ၁ ဦးအား ကယ်တင်

ထိုင်းနိုင်ငံ၊ ဘန်ကောက်ရှိက နေအိမ်တအိမ်မှာ  ၁၃ နှစ်ကြာ အိမ်ဖော်လုပ်ခဲ့ရပြီး လစာမရဘဲ ပိတ်လှောင် ခိုင်းစေခံနေရတဲ့  မြန်မာအမျိုးသမီး တယောက်ကို  အလုပ်သမားကူညီရေးအဖွဲ့နဲ့ ထိုင်းတာဝန်ရှိသူတွေက ပြီးခဲ့တဲ့ ဒီဇင်ဘာ ၄ ရက်နေ့က သွားရောက်ကယ်ထုတ်ခဲ့ကြပါတယ်။ 

အဆိုပါအမျိုးသမီးဟာ ဘန်ကောက်၊ ဆွန်လုံနယ်မြေ၊ လမ်းသွယ် ၁၁ ဖကားမာတ့်ဆ် အိမ်ရာရှိ နေအိမ်တအိမ်မှာ  အိမ်ဖော်အဖြစ်နှစ်ပေါင်းများစွာ အလုပ်လုပ်ပြီး အပြင်ထွက်ခွင့်မရ၊ လစာလည်းမရကြောင်း တာဝန်သိပြည်သူတွေက LPN အလုပ်သမား အရည်အသွေးမြှင့်တင်ရေး ကွန်ယက် ဖော်ဒေးရှင်းအဖွဲ့ကို တိုင်ကြားခဲ့တာပါ။ 

အဆိုပါအဖွဲ့ကလည်း DSI အထူးမှုခင်း စုံစမ်းစစ်ဆေးရေးအဖွဲ့ထံပြန်ဆက်သွယ်လာတာကြောင့် စုံစမ်းစစ်ဆေးပြီး ပြီးခဲ့တဲ့ ဒီဇင်ဘာ ၄ ရက် နေ့က လူကုန်တားရဲတပ်ဖွဲ့နဲ့အတူ သွားရောက်ကယ်ထုတ်ခဲ့တယ်လို့ ထိုင်း DSI ညွှန်ကြားရေးမှူး နိုင်းတရိုင်းရိုတ် တိမ်းဟိဝုန်း က သတင်းထောက်တွေကို ပြောပါတယ်။

သူတို့ရောက်သွားချိန်မှာ  အသက် ၂၆ နှစ်ခန့် အရွယ်ရှိ အမျိုးသမီးဟာ  ကြောက်ရွံ့အားငယ်တဲ့ပုံစံနဲ့ သူ့ကိုဒီကနေအမြန်ခ ခေါ်ထုတ်သွားဖို့ တောင်းဆိုနေတဲ့အကြည့်တွေနဲ့ ကြည့်နေကြောင်း၊ သူဟာ အဆိုပါအိမ်မှာ အိမ်ဖော်လုပ်နေတာ ၁၃ နှစ်ကျော်ပြီဖြစ်ကာ စရောက်တဲ့နေ့ ကိုတော့ မမှတ်မိတော့ဘူးလို့ ဆိုပါတယ်။

အဲဒီအိမ်မှာ အလုပ်စလုပ်ကတည်းက လစာတစ်ခါမှ မရဖူးသလို ဘယ်မှလည်းသွားခွင့်မရှိကြောင်း၊ ဒါကြောင့် ဒီအမှုဟာ  လူကုန်ကူးမှု၊ အဓမ္မ လုပ်အားစေခိုင်းမှု၊ ခေတ်သစ်ကျွန်ပြုမှုတွေနဲ့ ပတ်သက်တယ်လို့ DSI တာဝန်ရှိသူက ပြောပါတယ်။ 

ဘယ်သူမဆို လူကုန်ကူးခံရ၊ မတရားခိုင်းစေခံရ၊ နှိပ်စက်ခံနေရ၊ လူ့အခွင့်အရေး ချိုးဖောက်ခံနေရတာတွေရှိရင်  ဘန်ကောက် ရတ်ဆီနယ်မြေ ထောင်းလော်ရပ်ကွက် ကျဲင့်ဝပ်ထနလမ်း အမှတ် ၁၂၈ ရှိ DSI ရုံးကိုလည်းကောင်း အရေးပေါ်ဖုန်း ၁၂၀၂ ကိုလည်းကောင်း ဆက်သွယ်အကူအညီတောင်းနိုင်တယ်လို့ ဆို ပါတယ်။

ကိုးကား - https://www.dailynews.co.th/news/544347/

2 months Ago
More News
Up