ဘန်လေကိုရှုံးပြီးနောက် အဲဗာတန်နည်းပြ အနာဂတ် မရေမရာဖြစ်လာ

October 3, 2017

ဘန်လေကိုရှုံးပြီးနောက် အဲဗာတန်နည်းပြ အနာဂတ် မရေမရာဖြစ်လာ

အဲဗာတန်အသင်းဟာ ဘန်လေအသင်းကို အိမ်ကွင်းမှာ ရှုံးနိမ့်ခဲ့တာကြောင့် နည်းပြ ရော်နယ်ကိုးလ်မန်းရဲ့ အနာဂတ် မရေမရာ ဖြစ်လာပါတယ်။ အဲဗာတန်အသင်း တာဝန်ရှိသူတွေအနေနဲ့ နည်းပြ ရော်နယ်ကိုးလ်မန်းကို နောက်ဆုံးအခွင့်အရေး ပေးတဲ့အနေနဲ့ နောက်ထပ်ပွဲစဉ်တပွဲကို စောင့်ကြည့်မှာဖြစ်ပြီး ရလဒ်မကောင်းခဲ့ဘူးဆိုရင် ရာထူးကနေ ထုတ်ပယ်တော့မယ်လို့ သိရပါတယ်။ နယ်သာလန်နည်းပြ ရော်နယ်ကိုးလ်မန်းဟာ ဒီနှစ်နွေရာသီ အပြောင်းအရွှေ့မှာ ပေါင် ၁၄၂ သန်းအထိ အသုံးပြုပြီး ကစားသမားကောင်းတွေ ဝယ်ယူထားတာပါ။ ဒီလို ငွေသုံးထားပေမယ့် ပရီးမီးယားလိဂ် ၇ ပွဲမှာ ၂ ပွဲပဲ အနိုင်ရခဲ့ပြီး ၄ ပွဲရှုံး၊ ၁ ပွဲသရေ ကျခဲ့တာကြောင့် အမှတ်ပေးဇယား အဆင့် ၁၆ အထိ ကျဆင်းသွားတာပါ။ ဒီလိုရလဒ်ဆိုးတွေကြောင့် နည်းပြရာထူးဟာ သူ့ရဲ့လက်ထဲမှာ မရှိတော့ဘဲ အသင်းတာဝန်ရှိသူတွေရဲ့အပေါ်မှာ မူတည်သွားပြီလို့လည်း ရော်နယ်ကိုးလ်မန်းက ဝန်ခံပြောကြားပါတယ်။ အဲဗာတန်အသင်းဟာ အောက်တိုဘာ ၁၅ ရက်မှာ ဘရိုက်တန်နဲ့ အဝေးကွင်းမှာ သွားရောက်ကစားရမှာဖြစ်ပြီး အဲဒီပွဲရလဒ်က ကိုးလ်မန်းရဲ့ နည်းပြရာထူးအတွက် အဆုံးအဖြတ်ဖြစ်ဖွယ် ရှိနေပါတယ်။
4 years Ago
Up