ဘန်ကောက်မြို့လယ်ခေါင်

April 25, 2019

မြို့လယ်ခေါင်တွင် မြွေဟောက် ၃ ကောင်လွှတ်ပြီး မိမိကိုယ်ကို ဓားဖြင့်မွှန်းသည့် ထိုင်းသူဌေး (ရုပ်သံ)

ထိုင်းနိုင်ငံ ဘန်ကောက် စင်ထရယ်ဝေါလ်အနီးမှာ မနေ့ညနေပိုင်းက လူတဦး ဇိမ်ခံကားနဲ့ ရောက်လာပြီး မြွေဟောက် ၃ ကောင် လာလွှတ်ခဲ့သလို သူ့ကိုယ်သူလည်း ဓားနဲ့မွှန်းခဲ့ပါတယ်။ စင်ထရယ်ဝေါလ်အနီး ကေးဆွန်ပလာဇာရှေ့ ရာ့ခ်ျပဆုန်လမ်းမကြီးပေါ်မှာ လူတဦး မြွေဟောက်တွေလာလွှတ်လို့ လူတွေ အထိတ်တလန့် ထွက်ပြေးပြီး ယာဉ်ကြောပိတ်နေကြောင်း အကြောင်းကြားချက်ရတဲ့အတွက် ချက်ချင်း သွားရောက်စစ်ဆေးပြီး အခြေအနေကို သွားရောက်ထိန်းသိမ်းခဲ့တယ်လို့ လုမ္ပဏီရဲစခန်းက သတင်းထောက်တွေကို ပြောပါတယ်။ စစ်ဆေးချက်အရ အဲဒီမြွေလာလွှတ်သူဟာ အသက် ၄၄ နှစ်ရွယ်ရှိ နိုင်းခနစ်ဖစ်နုထိပ် ကျကဖုပ်မဟာတေချာ ဆိုသူ သူဌေးတဦးဖြစ်ကြောင်း၊ သူဟာ ဘတ်သန်းပေါင်းရာနဲ့ချီ ချမ်းသာပြီး အိမ်ခြံမြေ ရောင်းဝယ်ရေးနဲ့ ဘန်ကောက် နာမည်ကြီးဟိုတယ်အတွက် ကုတ်ဝတ်စုံတွေ ချုပ်လုပ်ပေးတဲ့ ကုမ္ပဏီက ဖြစ်တယ်လို့ ဆိုပါတယ်။ အဲဒီနေ့က သူဟာ စတစ်ကာအပြည့်ကပ်ထားတဲ့ ဇိမ်ခံကားကို မောင်းနှင်လာပြီး လမ်းလယ်ခေါင်မှာ ရပ်လိုက်ပါတယ်။ အဲဒီနောက် ကားပတ်လည်မှာ ပန်းပွင့်တွေ ဖြန့်ကြဲလိုက်ပြီး မြွေဟောက်ကိုလည်း လွှတ်လိုက်ကာ ဓားနဲ့ သူ့ကိုယ်သူ မွှန်းနေတာပါ။ တာဝန်ရှိသူတွေ ရောက်သွားတဲ့အခါ အဲဒီနေရာတဝိုက်ကို ခေတ္တပိတ်ဆို့လိုက်ပြီး မြွေနဲ့တကွ သူ့ကိုပါ ဖမ်းဆီးလိုက်ပါတယ်။ တာဝန်ရှိသူတွေရဲ့အမေးကို နိုင်းခနစ်က ယောင်တောင်တောင်ဖြေကြားပြီး သူ့ရဲ့လက်နဲ့ ဦးခေါင်းမှာ ဓားမွှန်းရာနဲ့ ဒဏ်ရာရထားသလို အသက်ရှူကျပ်သလိုလည်း ဖြစ်လာတဲ့အတွက် သူ့ကို ကျူလာလောင်ကွန်းဆေးရုံ အရင်ပို့ပေးခဲ့ပါတယ်။ အဲဒီနောက် ချော့မော့မေးမြန်းရာမှာတော့ သူဟာ မိမိအစွမ်းသတ္တိကို စမ်းသပ်တဲ့အနေနဲ့ ကိုယ်ပိုင်ယုံကြည်ချက်အရ ခုလိုလုပ်ဆောင်ရတာဖြစ်ကြောင်း၊ ဒီမတိုင်ခင်က ချိုင်းယနတ်ခရိုင်ရှိ ဘုန်းကြီးကျောင်းတကျောင်းက ဆရာတော်တပါးကို သွားရောက်ဖူးမြော်ခဲ့ကြောင်း၊ အဲဒီနောက် အင်းကွက်တွေပါတဲ့ စတစ်ကာကို ကားဘော်ဒီအပြည့်ကပ်ပြီး ဘန်ကောက်မြို့ထဲ ဝင်လာခဲ့တာလို့ ပြောပါတယ်။ တာဝန်ရှိသူတွေက သူ့ကို အသေးစိတ် ဆက်လက်စစ်ဆေးမေးမြန်းပြီး လိုအပ်သလို အရေးယူသွားမယ်လို့ Spring News ထိုင်းသတင်းမှာ ဖော်ပြထားပါတယ်။
3 years Ago
Up