ဘန်ကောက်ဗုံးကွဲမှု

August 21, 2015

ဘန်ကောက်ဗုံးကွဲမှု အနက်ရောင်ဝတ် အမျိုးသမီးတဦးကို ထပ်ရှာဖွေ

ထိုင်နိုင်ငံ ဘန်ကောက်မြို့ ရာ့ခ်ျပဆုန်လမ်းဆုံ ဧရာဝဏ်နတ်ကွန်းဗုံးကွဲမှုမှာ စီစီကင်မရာထဲ တွေ့ရတဲ့ အနက်ရောင်ဝတ်အမျိုးသမီးကို ရဲတပ်ဖွဲ့က ထပ်မံရှာဖွေနေတယ်လို့ သည်နေရှင်းသတင်းမှာ ဖော်ပြပါတယ်။ ထိုင်းအမျိုးသားရဲတပ်ဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဒုဗိုလ်ချုပ်ကြီး ပရ၀ိစ် ထာဝေါင်းဆီက  သြဂုတ် ၂၀ ရက် ည ၉ နာရီအချိန် အမှုရဲ့ နောက်ဆက်တွဲအခြေအနေတွေ ရှင်းပြစဉ် ထည့်သွင်းပြောကြားခဲ့တာပါ။ အဲဒီအမျိုးသမီးဟာ အခင်းမဖြစ်ခင်က မသင်္ကာသူအဖြစ် ဖမ်းဝရမ်းထုတ်ထားတဲ့ အ၀ါရောင် တီရှပ်ဝတ် ကျောပိုးအိတ်လွယ် အမျိုးသားရဲ့ ဘယ်ဘက်မှာ ထိုင်နေသူ ဖြစ်ပါတယ်။ ဒီမတိုင်ခင်က မသင်္ကာသူရဲ့ အရှေ့မှာ ရပ်ပြီးကွယ်နေတဲ့ အင်္ကျီအနီဝတ်သူနဲ့ ရှပ်အဖြူရောင်ဝတ်သူ လူ ၂ ဦးကို ရှာဖွေရာမှာ အနီရောင်ဝတ်သူဟာ ရဲစခန်းကို ကိုယ်တိုင်ရောက်လာပြီး သူဟာ  ထိုင်းကျောင်းသားတဦး ဖြစ်ကြောင်း လာရောက် ထွက်ဆိုခဲ့ ပါတယ်။ သူ့ကို စစ်ဆေးမေးမြန်းချက်အရ အမှုနဲ့ ပါဝင်ပတ်သက်ပုံ မရှိတဲ့အတွက် ပြန်လွှတ်ပေးလိုက်ပါတယ်။ ရှပ်အဖြူနဲ့ လူကတော့ ပြည်ကြီး တရုတ်လူမျိုးတဦးဖြစ်ပြီး  သြဂုတ် ၁၉ ရက်နေ့ ကတည်းက သူ့မိခင်နိုင်ငံကို ပြန်သွားပြီလို့  ဒုဗိုလ်ချုပ်ကြီးက ပြောပါတယ်။ မသင်္ကာသူကို ဧရာဝဏ်နတ်ကွန်းဆီ ပို့ဆောင်ပေးခဲ့တဲ့ တုပ်တုပ်သုံးဘီးကားသမားလည်း လာရောက်အစစ်ခံခဲ့တာမှာ သူဟာ မသင်္ကာသူကို ဟိုလမ်းဖုန်းဗဟိုဘူတာရုံကနေ ဂရင်းဟိုင်းအက် ဧရာဝဏ်ဟိုတယ်အနီး ပို့ပေးခဲ့ကြောင်း၊ တဦးစကားတဦး နားမလည်တဲ့အတွက် မြေပုံစာရွက်ထိုးပြပြီး ပို့ပေးခဲ့တာလို့ ဆိုပါတယ်။ ဒါ့အပြင် မသင်္ကာသူ နတ်ကွန်းက အပြန်မှာ ပို့ဆောင်ပေးခဲ့တဲ့ ဆိုင်ကယ် အငှားမောင်းသူလည်း လာရောက်ထွက်ဆိုခဲ့ရာမှာ သူ့ကို လုံပနီပန်းခြံထိ ပို့ပေးခဲ့တယ်လို့ ဆိုပါတယ်။ လူပေါင်း ၂၀ သေဆုံးပြီး လူ ၁၀၀ ကျော် ဒဏ်ရာရစေတဲ့ ဒီပေါက်ကွဲမှုမှာ တရားခံကို ဖမ်းဆီးပေးနိုင်သူ၊ ဖမ်းဆီးနိုင်တဲ့ထိ သတင်းအချက်အလက် ပေးနိုင်သူအနေနဲ့   ထိုင်းအမျိုးသား ရဲတပ်ဖွဲ့ဆီက ဆုငွေ ဘတ် ၁ သန်း၊ ရှပ်နီခေါင်းဆောင် ဆုမ်ဝမ် အတ်ဆရာဆီက ဘတ် ၂ သန်း၊ ပုဂ္ဂလိကလုပ်ငန်းရှင်တဦးထံမှ ဘတ် ၁ သန်း စုစုပေါင်း ဘတ် ၄ သန်းပေးမယ်လို့ ကြေညာထား ပါတယ်။ အဆိုပါ လုပ်ငန်းရှင်ဟာ သုဝဏ္ဏဘုမိအပြည်ပြည်ဆိုင်ရာလေဆိပ် နဲ့ ဒွန်မောင်းလေဆိပ်မှာ တပ်ဆင်ဖို့  ၁ မိနစ်ကို လူပေါင်း ၁၀၀ ထိ စစ်ဆေးနိုင်တဲ့ စောင့်ကြည့်မရာတွေလည်း လှူဒါန်းခဲ့ပါတယ်။ မသင်္ကာသူကို တွေ့ရှိပါက ထိုင်းအမျိုးသားရဲတပ်ဖွဲ့  ဖုန်းနံပါတ် ၁၅၉၉ သို့မဟုတ် ၁၉၁ နဲ့  ၆၆ ၈၅ ၃၅၈ ၇၇၇၇ ကို ၂၄ နာရီ ဆက်သွယ်နိုင်တယ်လို့ ဆိုပါတယ်။
6 years Ago

August 19, 2015

ဘန်ကောက်ဗုံးကွဲမှု မသင်္ကာသူ လေဆိပ်ဘက်ထွက်သွားဟု သက်သေထွက်ဆို

ထိုင်းနိုင်ငံ ဘန်ကောက် ဧရာဝဏ်နတ်ကွန်းအနီး ဗုံးပေါက်ကွဲမှုမှာ  စီစီတီဗွီကင်မရာက တွေ့ရှိတဲ့ မသင်္ကာသူဟာ သုဝဏ္ဏဘုမိ အပြည်ပြည်ဆိုင်ရာ လေဆိပ်ဘက်ကို တက္ကစီကားနဲ့  ထွက်သွားတယ်လို့  MatichonOnline သတင်းမှာ ရေးသားဖော်ပြထားပါတယ်။ ဒီနေ့မနက်က ဘန်ကောက် ဖယားထိုင်းလမ်း  အထူးစုံစမ်းစစ်ဆေးရေးရဲတပ်ဖွဲ့ ဌာနချုပ်မှာ အဖွဲ့ပေါင်းစုံမှ အထူးအစည်းအဝေးတရပ် ကျင်းပခဲ့ပြီးတဲ့နောက်  အထူးစုံစမ်းစစ်ဆေးရေး ရဲတပ်ဖွဲ့က ဒုရဲမှူးကြီး ချန်ထစဆေဆဝေ့ခ်ျက သတင်းထောက်တွေကို ပြောကြားခဲ့တာပါ။ ရဲတပ်ဖွဲ့မှ သံသယရှိသူ အင်္ကျီအ၀ါရောင်ဝတ် ကျောပိုးအိတ်လွယ်သမားရဲ့ လာရာအရပ်နဲ့ ထွက်သွားရာ အရပ်တွေကို စီစီကင်မရာကနေ ဆက်လက်လိုက်လံရှာဖွေရာမှာ သူဟာ တုတ်တုတ်သုံးဘီးကားနဲ့ ရောက်လာပြီး အနီနဲ့အနက်စပ်ကြား ဟွန်ဒါဝေ့ဖ် အငှားဆိုင်ကယ်နဲ့ ဆီလုမ်းလမ်း အမှတ် ၉ လမ်းကြားထဲ ၀င်ရောက်သွားကြောင်း၊ အဲဒီထဲမှာ ဂက်စ်ဟောက်စ် (တည်းခိုခန်း) တွေရှိကြောင်း၊ အဲဒီနောက် တက္ကစီတစီး တားစီးကာ သုဝဏ္ဏဘုမိ အပြည်ပြည်ဆိုင်ရာ လေဆိပ်ဘက် ထွက်သွားတာ တွေ့တယ်လို့ ဆိုပါတယ်။ သက်သေတဦးကလည်း သူဟာ တက္ကစီငှားစဉ်က အင်္ဂလိပ်စကားကို တိုတိုတုတ်တုတ် ပြောဆိုတယ်လို့  ထွက်ဆိုပါတယ်။ အဲဒီတက္ကစီမောင်းသမားကို လာရောက်သက်သေထွက်ဆိုပေးဖို့ ရဲတပ်ဖွဲ့က ဖိတ်ခေါ်ထား ပါတယ် ။ ၁၇ ရက်နေ့ ဧရာဝဏ်နတ်ကွန်းအနီးက ပေါက်ကွဲမှုနဲ့ ၁၈ ရက်နေ့က ဆာထွန်း တံတားအနီး မယ်နန်ချောင်ဖရာမြစ်ထဲ ပေါက်ကွဲမှုဟာ ဆက်စပ်မှုရှိတယ်လို့ ထိုင်းရဲတပ်ဖွဲ့က ခန့်မှန်းပါတယ်။ ဧရာဝဏ်နတ်ကွန်းပေါက်ကွဲမှု  တရားခံကို ဖမ်းဆီးရမိဖို့အတွက် တာဝန်ရှိသူတွေဟာ စောင့်ကြည့် ကင်မရာတွေကို ဖွင့်လှစ်စစ်ဆေးတာ၊ အခြား မသင်္ကာသူတွေကို ရှာဖွေတာ၊ ဒီပေါက်ကွဲမှုနဲ့ ပုံစံတူတဲ့ ဖြစ်စဉ်တွေ လိုက်လံရှာဖွေတာ၊ ပေါက်ကွဲမှုက မြေသားတွေ စစ်ဆေးတာ၊ သင်္ကာမကင်းတဲ့လူတွေရဲ့ ကိုယ်ရေး ရာဇ၀င်တွေ ပြန်ကြည့်တာ၊ စီစီတီဗွီကင်မရာမှ ဖမ်းယူထားတဲ့ မသင်္ကာဘွယ်လူရဲ့ ပုံစံဟာ ကမ္ဘာ့အရှေ့အလယ်ပိုင်းက ၀ီဂါတိုင်းရင်းသားပုံစံနဲ့ ဆင်တူတဲ့အတွက် နိုင်ငံခြားသားတွေထဲက  ၀ီဂါတွေကို ပိုမိုသတိထားတာ၊ လာရောက်တည်းခိုရာ နေရာတွေရှာဖွေတာ စတဲ့ နည်းလမ်းမျိုးစုံ အသုံးပြုနေတယ်လို့ ဆိုပါတယ်။
6 years Ago
Up