ဘန်ကောက်ဗုံးခွဲ

September 22, 2015

မလေးရှားတွင် ဖမ်းဆီးမိသည့် ဘန်ကောက် ဗုံးခွဲသူ ၀န်ခံ

ဘန်ကောက် ဗုံးကွဲမှု သံသယနဲ့ မလေးရှားရဲတပ်ဖွဲ့ရဲ့ ဖမ်းဆီးခံထားရသူဟာ ဘန်ကောက် ဧရာဝဏ်နတ်ကွန်းအနီး ဗုံးထားခဲ့တဲ့ အင်္ကျီအ၀ါဝတ်သူဖြစ်တယ်လို့ ၀န်ခံလိုက်ကြောင်း မလေးရှားရဲတပ်ဖွဲ့ကို ကိုးကားပြီး သည်နေရှင်းသတင်းမှာ ဖော်ပြပါတယ်။ မလေးရှားရဲတပ်ဖွဲ့ဟာ တရားခံ ပုန်းအောင်းခိုလှုံတယ်လို့ ယူဆရတဲ့  မြို့တော် ကွာလာလမ်ပူ မြို့လယ်က တိုက်ခန်းတွဲတွေ၊ အဆောင်တွေကို ပြီးခဲ့တဲ့ စက်တင်ဘာ ၁၉ ရက်နေ့က ၀င်ရောက်စီးနင်းရှာဖွေခဲ့ပြီး  ဧရာဝဏ်နတ်ကွန်းအနီး စီစီကင်မရာကနေ ဖမ်းယူထားတဲ့ အ၀ါရောင်အင်္ကျီဝတ်သူနဲ့ ပုံပန်းသဏ္ဍာန်တူသူကို  ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။ သူ့ရဲ့ဓာတ်ပုံကို ထိုင်းရဲတပ်ဖွဲ့က ကမ္ဘောဒီးယားနယ်စပ်ကနေ ဖမ်းဆီးထားတဲ့ မိုင်လိုင်လီယူစူဖူ နဲ့  ဖူအာနန်တိုက်ခန်းက ဖမ်းထားတဲ့ အာဒဲမ်ဆိုသူ ၂ ဦးကို ပြခဲ့ရာမှာ သူတို့က မမြင်ဖူးဘူးလို့  ငြင်းဆိုခဲ့ပါတယ်။ ဒါပေမယ့် မလေးရှားရဲတပ်ဖွဲ့က ၂ ရက်တာ စစ်ကြောရေးလုပ်ပြီးတဲ့အခါ အဆိုပါဖမ်းမိထားသူက သူဟာ ဘန်ကောက် ရာ့ခ်ျပဆုန်လမ်းဆုံ ဧရာဝဏ်နတ်ကွန်းအနီး ဗုံးသွားထားခဲ့တဲ့ အင်္ကျီအ၀ါရောင်ဝတ်သူဖြစ်ကြောင်း ၀န်ခံခဲ့တယ်လို့ ဆိုပါတယ်။ ဒီမတိုင်ခင်က ထိုင်းနိုင်ငံ နရာသီဝပ်မြို့မှာ ဗုံးကွဲမှုနဲ့ ဆက်စပ်တယ်လို့ ယူဆရသူတဦးကို ထိုင်းရဲတပ်ဖွဲ့က ဖမ်းထားပြီး အဆိုပါ အမျိုးသားက အ၀ါရောင်အင်္ကျီဝတ်သူမှာ မလေးရှားနိုင်ငံထဲကို ထွက်ပြေးသွားကြောင်း ထွက်ဆိုခဲ့တာ ဖြစ်ပါတယ်။ အဲဒါနဲ့ဆက်စပ်ပြီး မလေးရှား ရဲတပ်ဖွဲ့က အ၀ါရောင်အင်္ကျီဝတ်သူကို ကူညီပို့ဆောင်ပေးခဲ့တဲ့ မလေးရှားနိုင်ငံသားတဦး၊ ပါကစ္စတန်နိုင်ငံသားတဦးကို လူကုန်ကူးမှုနဲ့ ဖမ်းဆီးထားကာ အာဏာပိုင်တချို့လည်း  ပါဝင်ပတ်သက်နေတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် ဆာထောင်းန်လှေဆိပ်အနီး ဗုံးခွဲခဲ့တဲ့ အင်္ကျီအပြာရောင်ဝတ် အမျိုးသားဟာလည်း မလေးရှားနိုင်ငံထဲမှာပဲ ရှိနေမယ်လို့ မလေးရှားရဲတပ်ဖွဲ့က ယုံကြည်ပြီး ကွင်းဆက်တွေ ဆက်လက် ရှာဖွေနေတယ်လို့ မလေးရှားရဲတပ်ဖွဲ့ အပြောကို ကိုးကားပြီး သည်နေးရှင်းသတင်းမှာ ဖော်ပြသွားပါတယ်။
8 years Ago

September 17, 2015

ဘန်ကောက် ဗုံးဖောက်ခွဲမှု စီစဉ်သူ မလေးရှားတွင်ရှိဟု ထိုင်း ဒု-ရဲချုပ်ပြော

ပြီးခဲ့တဲ့လက ဘန်ကောက်မြို့လယ် ဗုံးပေါက်ကွဲမှုမှာ စီစဉ်ညွှန်ကြားသူလို့ သံသယရှိတဲ့ ရှပ်အင်္ကျီအ၀ါရောင်ဝတ် တရားခံဟာ မလေးရှားနိုင်ငံမှာ ရှိနေတယ်လို့ ယုံကြည်ကြောင်း ထိုင်းနိုင်ငံ ဒုတိယရဲချုပ် ချက်သစ်ပ်ချာဂျင်ဒါ ပြောတာကို ကိုးကားပြီး ဘန်ကောက်ပို့စ်သတင်းမှာ ဖော်ပြပါတယ်။ သူက ရှပ်အင်္ကျီအ၀ါရောင်ဝတ်ထားတဲ့ တရားခံကို ဖော်ထုတ်နိုင်ခဲ့တယ်လို့ပြောပြီး တရားခံရဲ့ နာမည်ကိုတော့ ထုတ်ဖော်ပြောကြားခြင်း မရှိသေးပါဘူး။ ဗုံးပေါက်ကွဲမှုနဲ့ ဆက်စပ်ပတ်သက်တဲ့ လူ ၃ ဦးကို မလေးရှားရဲတွေက ဖမ်းဆီးခဲ့တယ်လို့ မလေးရှားအစိုးရက ထုတ်ပြန်ကြေညာအပြီးမှာ ချက်သစ်ပ်ချာဂျင်ဒါက အဲဒီအမှုကို ဆက်လက်ကိုင်တွယ်နိုင်ဖို့ မလေးရှားနိုင်ငံကို သွားရောက်ခဲ့တဲ့ခရီးက အပြန် စက်တင်ဘာ ၁၆ ရက်နေ့မှာ ခုလိုပြောလိုက်တာပါ။ သံသယရှိသူ တရားခံဟာ တရုတ်နိုင်ငံ၊ စီကျန်းခရိုင်ထဲကလို့ ဖော်ပြထားတဲ့ တရုတ်နိုင်ငံသား နိုင်ငံကူးလက်မှတ် ကိုင်ဆောင်ထားပြီး ထိုင်းနိုင်ငံထဲကို ၁ ကြိမ်မက ၀င်ရောက်ခဲ့တယ်လို့ သတင်းမှာ ဖော်ပြထားပါတယ်။ လွန်ခဲ့တဲ့ နှစ်ပတ်သုံးပတ်လောက်က မလေးရှားနိုင်ငံထဲကို ခိုးဝင်ခဲ့ပြီး ပြန်ထွက်ခွာခဲ့တဲ့ မှတ်တမ်း အချက်အလက်တွေကိုတော့ မတွေ့ရဘူးလို့ ရဲတွေက ယုံကြည်နေပါတယ်။ လက်ရှိ မလေးရှားနိုင်ငံမှာ ဖမ်းဆီးထားတဲ့ တရားခံ ၃ ဦးဟာ ဗုံးပေါက်ကွဲမှုနဲ့ ပတ်သက်ဆက်နွယ်ပြီး ကူညီခဲ့သူတွေဖြစ်ပြီး မလေးရှားအစိုးရကတော့ အတည်မပြုနိုင်သေးဘဲ သူတို့ဟာ လူမှောင်ခိုအမှုတွေနဲ့ ပတ်သက်ဆက်နွယ်နေတာကိုတော့ အတည်ပြုခဲ့တယ်လို့ ချက်သစ်ပ်ချာဂျင်ဒါက ပြောပါတယ်။
8 years Ago
Up