ဘန်ကောက်တွင် ရွှေရောင်လက်ဖက်ခြောက်ထုပ်များအတွင်းမှ အိုက်စ်မူးယစ်ဆေးများ ဖမ်းမိ

October 12, 2017

ဘန်ကောက်တွင် ရွှေရောင်လက်ဖက်ခြောက်ထုပ်များအတွင်းမှ အိုက်စ်မူးယစ်ဆေးများ ဖမ်းမိ

ထိုင်းနိုင်ငံ ဘန်ကောက်မှာ ရွှေရောင်လက်ဖက်ခြောက်ထုပ်တွေထဲ ထည့်ထားတဲ့ အိုက်စ်မူးယစ်ဆေး အလေးချိန် စုစုပေါင်း ၁၈၆ ကီလိုဂရမ် ဖမ်းဆီးရမိတယ်လို့   မန်နေဂျာအွန်လိုင်း ထိုင်းသတင်းမှာ ဖော်ပြပါတယ်။ ပြီးခဲ့တဲ့ အောက်တိုဘာ ၈ ရက်နေ့က ဘန်ကောက် ဘန်ကပီနယ်မြေ ကွန်ဒိုတိုက်ခန်းတခုတွင်း မူးယစ်ဆေးဝါးသုံးစွဲသူတဦး ဖမ်းဆီးခံရပြီးနောက် ကွင်းဆက် လိုက်လံဖော်ထုတ်စစ်ဆေးရာ နောက်ဆက်တွဲအဖြစ် အဲဒီကွန်ဒိုရဲ့ ၂၅ ထပ်နေ အသက် ၂၈ နှစ်ရွယ် မိန်းကလေးတဦးထံမှ အခုလို အိုက်စ်မူးယစ်ဆေးတွေ ဖမ်းမိတာလို့ ဘန်ကောက်မြို့တော်စည်ပင်မှ ဒု-ရဲမှူးချုပ် ချလိုမ်ကစ် ဆီရီဝနခမ်က အောက်တိုဘာ ၁၁ ရက်နေ့ စည်ပင်ရဲတပ်ဖွဲ့ဌာနချုပ်မှာ သတင်းစာရှင်းလင်း ပြောကြားခဲ့တာပါ။ တာဝန်ရှိသူတွေက မူးယစ်ဆေးဝါး သုံးစွဲခဲ့တဲ့ နိုင်းချုတ်ထိနန်ကျဲန်း (၃၀ နှစ်) ကို ဖမ်းဆီးစဉ် သူက အဲဒီမူးယစ်ဆေးတွေကို အထပ် ၂၅၊ အခန်းနံပါတ် ၂၅၀ အေမှာ နေထိုင်တဲ့ နန်းဆောင်ချုဒင်းထောင်း ခေါ် ဖတ်ဘုန့် (၂၈ နှစ်) ထံမှ ဝယ်ယူသုံးစွဲကြောင်း ဝန်ခံတဲ့အတွက် သွားရောက်စစ်ဆေးခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီိအခန်းကို သွားရောက်စစ်ဆေးရာမှ ခရီးဆောင်အိတ် ၅ လုံးထဲကနေ တရုတ်ဖြစ် ရွှေရောင်လက်ဖက်ခြောက်ထုပ် ၁၈၆ ထုပ် တွေ့ရှိပြီး လက်ဖက်ခြောက်ထုပ်တွေကို ဖောက်ကြည့်ရာမှာ အားလုံး အိုက်စ်မူးယစ်ဆေးတွေ ဖြစ်နေကြောင်း၊ လက်ဖက်ခြောက် တထုပ်မှာ အိုက်စ်အလေးချိန် ၁ ကီလိုဂရမ်စီ ရှိတဲ့အတွက် စုစုပေါင်း အလေးချိန် ၁၈၆ ကီလိုဂရမ် ဖမ်းမိခဲ့တာလို့ ဒု-ရဲမှူးချုပ်က ဆက်ပြောပါတယ်။ နန်းဆောင်ချူဒင်းထောင်းကတော့ သူမဟာ အွန်လိုင်းပေါ်မှာ အလှကုန်ပစ္စည်းရောင်းတဲ့ အလုပ် လုပ်ကိုင်ကြောင်း၊ အဲဒီအထုပ်တွေဟာ သူမပစ္စည်းတွေမဟုတ်ဘဲ အသက် ၄၀ ကျော်ရှိ  နမ့်လို့ခေါ်တဲ့ အမျိုးသားတဦးက လာရောက်အပ်နှံထားတာဖြစ်ကြောင်း၊ အထုပ်လက်ခံပေးခ ရရှိမှာဖြစ်ပြီး မူးယစ်ဆေး ဝယ်လိုသူတွေကို နမ့် ကပဲ ဆက်သွယ်လာကြောင်း၊ ပြီးခဲ့တဲ့ ရက်ပိုင်းကတော့ နိုင်းချုတ်ထိနန်ကျဲန်းကို အိုက်စ် ၆၃ ဂရမ် ရောင်းချပေးခဲ့တယ်လို့ ဝန်ခံသွားပါတယ်။ ရဲတပ်ဖွဲ့က သူမကို အပြင်းစား အဆင့် ၁ မူးယစ်ဆေး ရောင်းချရန် လက်ဝယ်ထားရှိမှုနဲ့ အမှုဖွင့်ထားပြီး နောက်ထပ်ကွင်းဆက်တွေ ဆက်လက်စစ်ဆေး ဖော်ထုတ်သွားမယ်လို့  ပြောပါတယ်။
4 years Ago
Up