ဘန်ကောက်စစ်ဆေးရုံ ဗုံးပေါက်ကွဲပြီးနောက် လုံခြုံရေး တိုးမြှင့်မည်ဟု ထိုင်းဝန်ကြီးချုပ် ကတိပြု

May 24, 2017

ဘန်ကောက်စစ်ဆေးရုံ ဗုံးပေါက်ကွဲပြီးနောက် လုံခြုံရေး တိုးမြှင့်မည်ဟု ထိုင်းဝန်ကြီးချုပ် ကတိပြု

ထိုင်းဝန်ကြီးချုပ် ပရာယွတ် ချန်အိုချာက လုံခြုံရေးကို တိုးမြှင့်မယ့်အကြောင်း မေလ ၂၃ ရက်နေ့မှာ ထပ်လောင်း ကတိပြုလိုက်ပါတယ်။ ဘန်ကောက်မြို့က စစ်ဆေးရုံမှာ ဗုံးပေါက်ကွဲမှုကြောင့် လူ ၂၄ ဦး ဒဏ်ရာရခဲ့တဲ့ အဖြစ်အပျက်အပြီး နောက်တရက်မှာ နိုင်ငံတကာ အသိုင်းအဝိုင်းကို အခုလို အာမခံလိုက်တာပါ။ ထိုင်းနိုင်ငံမှာ ၂၀၁၄ ခုနှစ်ကတည်းက စစ်တပ်က အာဏာသိမ်းပြီး အုပ်ချုပ်ထားတာပါ။ မေလ ၂၂ ရက် တနင်္လာနေ့က ပေါက်ကွဲမှုဟာ စစ်တပ်အာဏာသိမ်းခြင်း သုံးနှစ်ပြည့်တဲ့ နှစ်ပတ်လည်အချိန်နဲ့ တိုက်ဆိုင်ပါတယ်။ စစ်တပ်ကလည်း ဒီတိုက်ခိုက်မှုဟာ စစ်အုပ်ချုပ်ရေးကို ဆန့်ကျင်တဲ့ အုပ်စုတွေရဲ့ လက်ချက်လို့ စွပ်စွဲထားပါတယ်။ ဒီတိုက်ခိုက်မှုအတွက် ဘယ်အဖွဲ့ကမှ တာဝန်ယူပြီး ကြေညာတာ မရှိသေးပါဘူး။ ဝန်ကြီးချုပ်က နောက်နှစ်မှာ ကျင်းပဖို့ စီစဉ်ထားတဲ့ ရွေးကောက်ပွဲဟာ လမ်းကြောင်းပေါ်မှာ ဆက်ရှိနေတယ်လို့ ပြောပေမယ့် ဒီလို အကြမ်းဖက်မှုတွေကြောင့် ရွေးကောက်ပွဲကို နောက်ဆုတ်ရတာလည်း ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။
4 years Ago
Up