ဘန်ကီမွန်းကို အကြမ်းဖက်အားပေးသူဟု အစ္စရေးဝန်ကြီးချုပ် စွပ်စွဲ

January 27, 2016

ဘန်ကီမွန်းကို အကြမ်းဖက်အားပေးသူဟု အစ္စရေးဝန်ကြီးချုပ် စွပ်စွဲ

အစ္စရေးဝန်ကြီးချုပ် နာသန်ရာဟုက ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် ဘန်ကီမွန်းကို အကြမ်းဖက်အားပေးသူလို့ ဇန်န၀ါရီ ၂၆ ရက်နေ့က စွပ်စွဲပြောဆိုလိုက်ပါတယ်။ လူဆိုတာ ဖိနှိပ်ခံရရင် တုံ့ပြန်တတ်တာ သဘာဝပဲလို့ အဖိနှိပ်ခံ ပါလက်စတိုင်းတွေကို ရည်ညွှန်းပြီး ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ ဘန်ကီမွန်းက ပြောဆိုခဲ့တဲ့အပေါ် နာသန်ရာဟုက အခုလို စွပ်စွဲပြောဆိုလိုက်တာပါ။ ပါလက်စတိုင်းတွေက အစ္စရေးတွေကို လိုက်ပြီး ဓားနဲ့ထိုးနေတဲ့ ကိစ္စတွေကိုလည်း ဘန်ကီမွန်းက ပြစ်တင်ရှုတ်ချခဲ့ပါတယ်။ ပြီးခဲ့တဲ့နှစ် အောက်တိုဘာလကစပြီး အစ္စရေး-ပါလက်စတိုင်း ပဋိပက္ခတွေအတွင်း ပါလက်စတိုင်း အနည်းဆုံး ၁၅၅ ဦးနဲ့ အစ္စရေး ၂၈ ဦး သေဆုံးခဲ့ပါတယ်။ အမေရိကန် ၁ ဦးနဲ့ အယ်ရီထရီယာနိုင်ငံသား ၁ ဦးလည်း သေဆုံးခဲ့ပါတယ်။ လုံခြုံရေးကောင်စီမှာ အတွင်းရေးမှူးချုပ်ရဲ့ ပြောဆိုမှုဟာ အကြမ်းဖက် အားပေးအားမြှောက်ဖြစ်ပြီး အကြမ်းဖက်မှုအတွက် အကြောင်းပြချက် မရှိဘူးလို့ နာသန်ရာဟုက ပြောဆိုပါတယ်။ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းဟာ အခုလိုစကားမျိုးကို ပွင့်ပွင့်လင်းလင်းပြောဖို့ အရင်ကတော့ အတော်သတိထားခဲ့ပါတယ်။ ဒါပေမယ့် သူ့ရဲ့ အတွင်းရေးမှူးချုပ်သက်တမ်း ပြီးဆုံးခါနီး အခုလို တည့်တည့်ပြောဆိုတာတွေ ပိုလုပ်လာနိုင်တယ်လို့ သတင်းတွေက ဆိုပါတယ်။ ပြီးခဲ့တဲ့လတွေအတွင်း ပစ်သတ်ခံရတဲ့ ပါလက်စတိုင်း အများစုဟာ ဓားထိုးတိုက်ခိုက်သူတွေဖြစ်ပြီး အနည်းစုကတော့ ဆန္ဒပြပွဲတွေအတွင်း အစ္စရေးလုံခြုံရေးတွေနဲ့ ထိပ်တိုက်တွေ့ပြီး သေဆုံးကြတာပါ။
7 years Ago
Up