ဘတ် ၉ ထောင်

A d v e r t i s e m e n t With Us

December 24, 2020

ပွဲစားအား ဘတ် ၉ ထောင်ပေးပြီး နေရပ်ပြန်မည့် မြန်မာမိသားစု တောထဲတွင် အဖမ်းခံရ 

ထိုင်းနိုင်ငံ အနောက်ပိုင်း ပရကျုတ်ခီရိခန်ခရိုင်ထဲမှာ  ပွဲစားကို ဘတ် ၉ ထောင်ပေးပြီး နေရပ်ပြန်မယ့် မြန်မာမိသားတစု တောထဲမှာ အဖမ်းခံလိုက်ရတယ်လို့ ထိုင်း Thaicrime Online သတင်းမှာ ဖော်ပြပါတယ်။  ပရကျုတ်ခီရီခန်မြို့နယ် အောဝ်နွဲ့အုပ်စု ကရင်ရွာအစွန်ရှိ ရာဘာတောအုပ်ထဲမှာ မသင်္ကာ ဘွယ်လူတစ်စု ရောက်ရှိနေကြောင်း ရွာသားတွေ အကြောင်းကြားတဲ့အတွက် ဒီဇင်ဘာ ၂၃ ရက် မနက် ၄ နာရီလောက်က တာဝန်ရှိသူတွေနဲ့အတူ သွားရောက်စစ်ဆေးရာမှာ တရားမဝင်ခရီးသွားတွေကို ဖမ်းဆီးရမိခဲ့တာလို့  နောင်ဆေရွာသူကြီးက သတင်းထောက်တွေကို ပြောပါတယ်။  သူတို့ ရာဘာထဲရောက်သွားချိန်မှာ အစက လူကြီး နဲ့ ကလေးအပါအဝင် စုစုပေါင်း ၅ ဦးကို တွေ့ခဲ့ပြီး လူဝင်လာတာသိတဲ့အတွက် အမျိုးသားတစ်ယောက်က မှောင်ရိပ်ခိုထွက်ပြေးသွား ခဲ့ပါတယ်။  ကျန်တဲ့ ၄ ယောက်မှာ အသက် ၃၀ နှစ်ရွယ် သန်းသန်းမေဆိုသူ မြန်မာအမျိုးသမီးနဲ့ ၁၀နှစ်ရွယ် ယောက်ျားလေး ၁ ယောက်၊ ၇ နှစ်ရွယ် မိန်းကလေး ၂ ယောက်တို့ဖြစ်ကြောင်း၊ သူတို့မိသားစုဟာ ချွန်းဖွန်းခရိုင် ပါထျူ့မြို့နယ်ရှိ ဆီအုန်းခြံက အလုပ်သမားတွေဖြစ်ပြီး တနင်္သာရီတိုင်း မြိတ်မြို့ကို ပြန်ပြီးအခြေချဖို့ ပွဲစားအဆက်အသွယ်နဲ့ ပြန်ခဲ့တာလို့ ဆိုပါတယ်။ ပို့ပေးခအနေနဲ့ ပွဲစားကို လူကြီးတစ်ယောက် ဘတ် ၃ ထောင်၊ ကလေးတစ်ယောက် ဘတ် ၂ ထောင်နှုန်းနဲ့ ဘတ် ၆ ထောင်  စုစုပေါင်း ၉ ထောင်ပေးခဲ့ပြီး တောလမ်းမှ ခေါ်ဆောင်လာစဉ် အဖမ်းခံခဲ့ရကြောင်း၊ မှောင်ရိပ်ခို ထွက်ပြေးသွားသူမှာ လမ်းပြပွဲစားဖြစ်တယ်လို့  ပြောပါတယ်။  သူတို့သားအမိမှာ ထိုင်းကို ရောက်နေတာ ၆ နှစ်လောက်ရှိပြီဖြစ်ပြီး နေရပ်မှာပြန်အခြေချဖို့ အကြောင်းပေါ်လာလို့ ပြန်ခဲ့တာဖြစ်ကြောင်း၊ ထိုင်းမှာတော့ ခင်ပွန်းဖြစ်သူပဲ ကျန်ခဲ့တယ်လို့ သန်းသန်းမေက ပြောပါတယ်။  တာဝန်ရှိသူတွေက သူတို့ကို ကိုဗစ် ၁၉ ဥပဒေနဲ့ အရေးယူပြီး  နယ်စပ်တရားဝင်လမ်း ကြောင်းကနေ ပြန်ပို့ပေးဖို့ အလုပ်ရှင်ကို ဆက်သွယ်အကြောင်းကြားထားတယ်လို့ သတင်းမှာ ဖော်ပြပါတယ်။ 
2 months Ago
Up