ဘတ် ၁ သိန်

May 25, 2020

ချင်းမိုင်တက္ကသိုလ် အချစ်တော်ခွေးသေဆုံးမှု အသတ်ခံရကြောင်းသက်သေပြသူကို ဘတ် ၁ သိန်း ဆုချမည်

ချင်းမိုင်တက္ကသိုလ်ဝင်းထဲမှာ ကျင်လည်ကျက်စားပြီး ကျောင်းသူကျောင်းသားတို့ရဲ့ အချစ်တော်ဖြစ်တဲ့ ဖိတေ့ အမည်ရှိ ခွေးထီးလေးတကောင် သေဆုံးရတာနဲ့ ပတ်သက်လို့ လုပ်ကြံသတ်ဖြတ်ခံရကြောင်း ခိုင်လုံတဲ့အထောက်အထားတင်ပြနိုင်ရင် ဘတ်ငွေ ၁ သိန်း ဆုချမယ်လို့ ခွေးချစ်သူများအဖွဲ့က ကြေညာထားပါတယ်။  အဆိုပါခွေးကို ခေါ်ဆောင်သွားသူဟာ နယ်ခြားစောင့်ရဲတပ်ဖွဲ့မှ အသက် ၃၀ ရွယ်ရှိ ရဲတပ်ကြပ် တဦးဖြစ်ပြီး သူကတော့ ဖိတေ့ဟာ ဆိုင်ကယ်ပေါ်ကနေ ခုန်ဆင်းပြီး  ဆိုင်ကယ်နောက်ဘီးနဲ့ မတော်တဆကြိတ်မိလို့ သေသွားကြောင်း ရဲစခန်းမှာ ဖွင့်ဟဝန်ခံထားပါတယ်။  ဒါပေမယ့် ချင်းမိုင်တက္ကသိုလ်ကျောင်းသူကျောင်းသားနဲ့ ခွေးချစ်သူတွေက ဖိတေ့ဟာ မတော်တဆ သေဆုံးရတာမဟုတ်ဘဲ တမင်သက်သက် အသတ်ခံရလို့ သေဆုံးရတာလို့ ယုံကြည်နေကြပါတယ်။  ရဲတပ်ကြပ်ပေါ် ခုထိ အမှုဖွင့်အရေးယူမှုမရှိသေးတဲ့အပေါ် အားမလိုအားမရဖြစ်နေတဲ့ကြားက ဖိတေ့ အသတ်ခံရကြောင်း အထောက်အထားပြနိုင်တဲ့သူကို ဘတ် ၁ သိန်းဆုချမယ်လို့ ကြေညာလိုက်တာပါ။  အထောက်အထားပြနိုင်သူဟာ Watch Dog Thailand ဖောင်ဒေးရှင်းကို ဆက်သွယ်ပြီး ဆုငွေရယူနိုင်တယ်လို့ ခွေးချစ်သူများအဖွဲ့က ပြောပါတယ်။  ဖိတေ့ သေဆုံးရတဲ့အပေါ် အမှုမှန်ပေါ်ပေါက်ရေးနဲ့ တရားမျှတမှုရရှိရေးအတွက် Watch Dog Thailand က တရားလိုလုပ်ပြီး ချင်းမိုင်- ချန့်ဖိုတ်နယ်မြေရဲစခန်းမှာ တိုင်တန်းထားပါတယ်။  ဖိတေ့ ဟာ သူများနောက်ဆိုင်ကယ်လိုက်စီးရင် ခုန်ချလေ့မရှိသလို တကယ်လို့ ဆိုင်ကယ် ပေါ်က ပြုတ်ကျသွားရင်တောင်မှ ဒဏ်ရာရရုံရှိပြီး နောက်ဘီးက ကြိတ်လို့ သေသွားတာ မဖြစ်နိုင်ကြောင်း၊ ဆိုင်ကယ်ပေါ် တင်သွားသူမှာလည်း ဒဏ်ရာရခွေးကို နီးစပ်ရာဆေးရုံဆေးခန်းခေါ်သွားသင့်ကြောင်း  Watch Dog Thailand တာဝန်ရှိသူ ဒေါက်တာ နာ့ဖ နိထီဝေါ်လဖတ်က သတင်းထောက်တွေကို ပြောပါတယ်။  ဒါ့အပြင် အဆိုပါရဲတပ်ကြပ်ဟာ ဖိတေ့ကို အရင်က တခါမှခေါ်မလည်ဘူးဘဲ အခင်းဖြစ်တဲ့ ည ၈ နာရီမှ တက္ကသိုလ်ဝင်းအပြင်ကို ခေါ်ထုတ်သွားတာ၊ ဖိတေ့ပျောက်ဆုံးကြောင်း ကြေညာချက်တွေ ပျံ့နှံ့စဉ်က လာရောက်အကြောင်းကြားတာမရှိဘဲ စီစီကင်မရာ ရုပ်သံပေါ်လာမှ၊ ရဲက ခေါ်စစ်မှ ဖွင့်ဟဝန်ခံတာဟာ မရိုးသားဘူးလို့ Watch Dog Thailand တာဝန်ရှိသူ ဒေါက်တာနာ့ဖ နိထီဝေါ်လဖတ်က သတင်းထောက်တွေကို ပြောပါတယ်။  ဖိတေ့ပျောက်ဆုံးသွားတဲ့ ညက ခွေးအလောင်းကို လာပစ်ထားတဲ့ ရပ်ကွက်ထဲမှာ သေနတ်သံ ၄ ချက်ကြားရကြောင်း၊ တိရစ္ဆာန်ဆေးရုံ ဆေးစစ်ချက်အရ ဖိတေ့ရဲ့ လည်ပင်းမှာလည်း ကျည်သင့်တယ်လို့ ယူဆရတဲ့ အပေါက် ၄ ပေါက်တွေ့ပြီး အနောက်ခြေတောက်ကျိုးတာ၊ အစာအိတ်ပေါက်တာ၊ မာကြောသောအရာနဲ့ အထုခံ ထားရဟန်တူတဲ့ ဒဏ်ရာတွေတွေ့တာကြောင့် ဖိတေ့ဟာ မတော်တဆမှုကြောင့် သေဆုံး ရတာမဟုတ်ဘဲ ညှဉ်းပန်းနှိပ်စက်ခံရပြီးမှ သေဆုံးတာဖြစ်နိုင်တယ်လို့  နာ့ဖ နိထီဝေါ်လဖတ်က သုံးသပ်ပါတယ်။  ဖိတေ့ဟာ ၂၀၂၀ မေလ ၄ ရက်နေ့ညက ပျောက်ဆုံးခဲ့ပြီး ချင်းမိုင်တက္ကသိုလ် ကျောင်းသူကျောင်းသားတွေက နေရာအနှံ့လူစုခွဲရှာကြသလို သူ့ကိုတွေ့ရှိပါက ဘတ်ငွေ ၁ သောင်းဆုချမယ်လို့ ကြေညာခဲ့ပါတယ်။  ဒါ့အပြင် ချန့်ဖိုတ်ရဲစခန်းမှာလည်း ခွေးပျောက်ကြောင်း အမှုဖွင့်တိုင်တန်းထားပါတယ်။ မေလ ၇ ရက်နေ့ ညမှာတော့ ချင်းမိုင်တက္ကသိုလ်ကျောင်းပြင်ပ ရပ်ကွက်တခုက လမ်းကြားမှာ အိတ်တလုံးထဲထည့်ပြီး ခြုံပုတ်ထဲလာပစ်ထားတဲ့ ဖိတေ့အလောင်းကို ရပ်ကွက်ထဲကလူတွေ တွေ့ရှိခဲ့ပါတယ်။  ချင်းမိုင်တက္ကသိုလ် ကျောင်းသူကျောင်းသားတွေဟာ ခွေးအလောင်းတွေ့တဲ့နေရာကို ဘုန်းကြီးပင့် ကမ္ပဝါဖတ်၊ ဆွမ်းသွပ်အမျှဝေပေးတာတွေလုပ်တဲ့အပြင် သူတို့ခွေးကို သေအောင်လုပ်တဲ့ တရားခံကို ရှာပေးဖို့ ရဲစခန်းကို တိုင်တန်းခဲ့တာပါ။  ရဲစခန်းကလည်း တက္ကသိုလ်ကျောင်းဝင်းနဲ့ ခွေးအလောင်းတွေ့တဲ့နေရာတဝိုက် စီစီကင်မရာတွေ လိုက်လံစစ်ဆေးရာမှာ  ခွေးခေါ်သွားတဲ့ ရဲတပ်ကြပ်ကို တွေ့ရှိခဲ့တာဖြစ်ပါတယ်။ ချင်းမိုင်တက္ကသိုလ်ထဲမှာ လေလွင့်ခွေးတွေ ၄- ၅ ကောင်ခန့်ရှိပေမယ့် ဖိတေ့ဟာ အခြားလေလွင့်ခွေးတွေနဲ့ မတူဘဲ ကျောင်းသားတွေနောက်တကောက်ကောက် လိုက်ပါတတ်ကာ ကျွေးတာအကုန်စား၊ ကြိုက်သလို ဆင်မြန်းလို့ရပြီး စာသင်ခန်းထိလိုက်ထိုင်တာ၊ တက္ကသိုလ်လှုပ်ရှားမှုတွေထဲ လိုက်ပါတာ၊ အထူးသဖြင့် ချင်းမိုင်တက္ကသိုလ်က မောင်မယ်သစ်လွင်ကြိုဆိုပွဲကို ၁၀ ကီလိုမီတာကျော်ဝေးတဲ့ ဆုထိပ်တောင်ပေါ် ဘုရားထိ ပြေးတက်လေ့ရှိတဲ့ အစီအစဉ်မှာ ဖိတေ့ဟာ ကျောင်းသားတွေနဲ့အတူ နှစ်တိုင်းပါဝင်ပြေး  တက်လေ့ရှိတာဟာ သူ့ရဲ့ ထူးခြားတဲ့ ချစ်စရာအပြုအမူတွေဖြစ်ပါတယ်။  ဖိတေ့ဟာ သက်တမ်း ၈ နှစ်ခန့်ရှိပြီး ၆လသားအရွယ်ကတည်းက ချင်းမိုင်တက္ကသိုလ်ဝင်းထဲ ရောက်ရှိနေတာမို့ ကျောင်းပြီးသွားတဲ့ ကျောင်းသားဟောင်းတွေကော လက်ရှိကျောင်းသားတွေကပါ သူ့အပေါ် ချစ်ခင်တွယ်တာနေကြတာပါ။ သူတို့ ဘွဲ့ယူတဲ့နေ့မှာတောင်မှ ဖိတေ့နဲ့အတူ ဓာတ်ပုံအလုအယက် တွဲရိုက်လေ့ရှိကြပါတယ်။  လူမှုကွန်ရက်ခေတ်စားလာတော့ ကျောင်းသားတချို့က သူ့အတွက် ဖေ့စ်ဘွတ်ခ်စာမျက်နှာဖွင့်ပြီး ချစ်စရာ ဓာတ်ပုံတွေ၊ ဗွီဒီယိုတွေတင်ရာက တက္ကသိုလ်အသိုင်းထဲတင်မကဘဲ လူမှုကွန်ရက်မှာပါ ရေပန်းစားတဲ့ ခွေးကလေးဖြစ်လာပါတယ်။  ဖိတေ့ ချစ်သူတွေက သူ့အတွက် အစာဖိုး၊ ဆေးဖိုးတွေ ထောက်ပံ့လို့ အဲဒီငွေတွေဟာ ဖိတေ့အတွက်တင်မကဘဲ တက္ကသိုလ်ဝင်းထဲရှိ အခြားလေလွင့်ခွေးတွေကိုပါ ကျွေးမွေးစောင့်ရှောက်နိုင်သည်ထိ ရန်ပုံငွေတွေ ပိုလျှံနေပါတယ်။ ဖိတေ့ဟာ စက်မှုသိပ္ပံဌာနမှာ အနေများတာကြောင့် စက်မှုကျောင်းသားတွေက သူ့ရဲ့ကရိကထတွေ အားလုံးကို အလှည့်ကျတာဝန်ယူစောင့်ရှောက်နေတာပါ။  ဖိတေ့သေဆုံးသွားတော့ ကျောင်းသားတွေကြား အလွန်ဝမ်းနည်းနှမျောနေကြပြီး တက္ကသိုလ်ဝင်းထဲမှာ ဖိတေ့ရုပ်တု ထုထားဖို့ လိုလားနေသလို သူ့ကိုသေအောင်လုပ်ခဲ့တဲ့ သူကိုလည်း ပြစ်တင်ဝေဖန်ကျိန်ဆဲနေကြပါတယ်။  အချို့ကတော့ အဖြစ်သည်းလှတယ်လို့ ဝေဖန်ပြီး ဂုဏ်သရေရှိ ချင်းမိုင်တက္ကသိုလ်ဝင်းထဲမှာ ခွေးရုပ်တု ထားရှိမယ့်အပေါ် ကန့်ကွက်နေကြပါတယ်။ ကျောင်းသားအချို့ဟာ ဖိတေ့ကို အကြောင်းပြုပြီး  ဝင်ငွေေကာင်းနေတာကြောင့် ခွေးကိုနှမျောနေကြောင်း၊ စာသင်ကြားရမယ့်အချိန် လေလွင့်ခွေးတွေနဲ့ အလုပ်ရှုပ်နေကြောင်း လူမှုကွန်ရက်မှာ အပြန်အလှန်ပြောဆိုမှုတွေလည်း ဂယက်ထနေကြပါတယ်။  ဒါနဲ့ ပတ်သက်ပြီး ထိုင်းက လူအများကြည်ညိုတဲ့ ဆရာတော်တပါးကတော့ သတ္တဝါတွေဟာ သူ့ကံ အကြောင်းတရားနဲ့သူ ပါလာတာဖြစ်ကြောင်း၊ ဖိတေ့မှာလည်း ဘယ်လောက်ချစ်စရာကောင်းနေပါစေ ကံအကြောင်းတရား ပါလာတဲ့အတိုင်း သေဆုံးရ တာဖြစ်ကြောင်း၊ အဆိုပါ ခွေးရဲ့ ကံကြမ္မာထဲမှာ မိမိက ဝင်ရောက်ပြီး နောက်ထပ် မကောင်း တဲ့ ကံတွေဖြစ်တဲ့ တယောက်ကိုတယောက်ပြောဆိုဝေဖန်တာ၊ ရန်ထောင်တာတွေလုပ်ပြီး သံသရာရှည်အောင် ထပ်မလုပ်သင့်တော့ဘူးလို့ ပြောဆိုဆုံးမထားပါတယ်။  ကိုးကား - thairath / workpoint news / www.khaosod.co.th / Watchdog Thailand - WDT 
1 year Ago
Up