ဘတ် ၁၂ သန်း

September 2, 2021

ကရင်ရွှေ့ပြောင်းလုပ်သားမိသားစု ထိုင်းထီ ပထမဆု ၂ စောင်တွဲ ဘတ် ၁၂ သန်းဖိုးပေါက်

မြန်မာနိုင်ငံ ကရင်ပြည်နယ်ကနေ ထိုင်းနိုင်ငံ အယုဒ္ဓယခရိုင်မှာ အလုပ်လာလုပ်နေတဲ့ ကရင်တိုင်းရင်းသား ဇနီးမောင်နှံဟာ စက်တင်ဘာ ၁ ရက်က ထွက်သွားတဲ့ ထိုင်းထီ ပထမဆုပေါက်ဂဏန်း ၁၁၄၄၇၅ ကို ၂ စောင်တွဲပေါက်ခဲ့တယ်လို့ AAC မြန်မာ အလုပ်သမားကူညီစောင့်ရှောက်ရေး မဟာမိတ်အဖွဲ့က သိရပါတယ်။ 

မနေ့က ထီပေါက်စဉ်တွေကြေညာအပြီး သူတို့ဆီကနေ ထီပေါက်ကြောင်း ဖုန်းဆက် အကြောင်းကြားလာတဲ့အတွက်  လုံခြုံမှုရှိစေဖို့ ချက်ချင်းသွားကြိုလာခဲ့ကြောင်း၊ ထီပေါက်တဲ့ စုံတွဲက ဇနီးဖြစ်သူမှာ ကိုယ်ဝန်အရင့်အမာနဲ့ဖြစ်ပြီး သူ့အမျိုးသားကတော့ သူတို့စက်ရုံမှာ ကွာရန်တင်းဝင်နေရတယ်လို့  AAC  ဒါရိုက်တာ ဦးခိုင်ကြီးက ဒီဗွီဘီကို ပြောပါတယ်။ 

“သူတို့လုံခြုံရေးအတွက် မနေ့ကပဲ ချက်ချင်းသွားကြိုလာခဲ့ပါတယ်ခင်ဗျ။ မိန်းကလေးက ကိုယ်ဝန်အရင့်အမာနဲ့၊ သူ့ယောကျ်ားကတော့ သူတို့အလုပ်လုပ်တဲ့စက်ရုံမှာ ကိုဗစ်-၁၉ ကူးစက်သူ တွေ တွေ့လို့ လောလောဆယ် ကွာရန်တင်းဝင်နေရတယ်။ ငွေတွေကိုတော့ ဒီကနေ့ပဲ သွား ထုတ်ပေးခဲ့ပါပြီ၊ မြန်မာငွေနဲ့ စုစုပေါင်း ကျပ်သိန်းပေါင်း ၅၅၀၀၀ ကျော်ရပါတယ်ခင်ဗျ။ အခွန်တွေ ဘာတွေတော့ ဆောင်ရတာပေါ့။  ငွေထုတ်ရတာ အခက်အခဲမရှိပါဘူး။ မိန်းကလေးက ပတ်စပို့ သက်တမ်းကုန်နေတော့ တာဝန်ရှိသူတွေနဲ့ အဆင်ပြေအောင် ပြောရဆိုရတာတော့ရှိတာပေါ့၊ နောက်ဆုံးတော့ ကျနော်တို့အဖွဲ့အနေနဲ့ ကိုယ်စားလှယ်လွှဲစာနဲ့ထုတ်ခွင့်ရလို့ ပြေလည်သွား ပါတယ်။”

ထီပေါက်သူ မိန်းကလေးကလည်း သူမရဲ့အတွေ့အကြုံနဲ့ ပတ်သက်ပြီး ဒီဗွီဘီကို  ခုလို ပြောပြပါတယ်။ 

“ထီ ၂ စောင်ပေါက်တာ၊ ၁ စောင်က ညီမတို့လင်မယားနဲ့ နောက်တစောင်က မြန်မာပြည်မှာ ရှိတဲ့ အမရဲ့ယောကျ်ားက ဝယ်ခိုင်းလိုက်တာပါ။ သူက ဟိုကနေ နောက်က ဂဏန်းနံပါတ် ၃ ခုပေးလာပြီး ထီထိုးပေးဖို့ပြောတယ်။   တနေ့ကျတော့ ညီမကဈေးသွားပြီးအပြန် လမ်းမှာ ဘုန်းကြီးဆွမ်းခံတာတွေ့လို့ ဆွမ်းလောင်းခဲ့ပါတယ်။ ဆွမ်းလောင်းတဲ့နေရာနားမှာ ထီလက်မှတ် လာရောင်းနေတော့ ညီမလည်း ခဲအိုပေးတဲ့နံပါတ်အတိုင်း ထိုးလိုက်တယ်။ သူ့အတွက်ရော ညီ မတို့ အတွက်ရော စုစုပေါင်း ၅ စောင်၊ အဲမှာ ပထမဆုက ၂ စောင်တွဲပေါက်တာပါရှင့်။  မနေ့က ထီ ပေါက်စဉ်ကြေညာတော့ နားထောင်နေတာ၊ သူတို့ကြေညာတဲ့ဂဏန်းက ကျမတို့ထိုးထားတာနဲ့ တူနေတော့ သေချာအောင်ထီလက်မှတ်နဲ့ ပြန်တိုက်ကြည့်တာ ၂ စောင်တောင်ပေါက်တော့ တအား ပျော်သွားတာပေါ့ရှင့်၊  အေအေစီအဖွဲ့ကိုလည်း သတိရလိုက်တယ်၊ အေအေစီက မြန်မာ အလုပ်သ မားတွေထီပေါက်ရင် အမြဲလိုက်လုပ်ပေးနေတော့ ဖုန်းဆက်လိုက်တာပါရှင့်။”

သူမဟာ ထိုင်းနိုင်ငံမှာ အလုပ်လာလုပ်တာ ၁၅ နှစ်ရှိပြီဖြစ်ကြောင်း၊ အဖြစ်ချင်ဆုံးဆန္ဒမှာ အရင်းအနှီးရှိရင် အိမ်ပြန်ပြီး မိခင်ကြီးနဲ့အတူ အေးဆေးစွာလုပ်ကိုင်စားသောက်ဖို့ဖြစ်တယ်လို့ ဆိုပါတယ်။  အမျိုးသားလည်း ကရင်ပြည်နယ်ကဖြစ်ပြီး ထိုင်းမှာပဲ တွေ့ကြကာ လွန်ခဲ့တဲ့ ၃ နှစ်က လက်ထပ်ခဲ့ကြောင်း၊ အခုသားဦးကိုယ်ဝန် ၈ လ လွယ်ထားပြီး ထီပေါက်တာဟာ ဗိုက်ထဲက သားလေး မ-စတာလို့လည်း ယုံကြည်နေတယ်လို့ ဆိုပါတယ်။ 

AAC  ဒါရိုက်တာ ဦးခိုင်ကြီးက သူတို့အနေနဲ့  ထိုင်းထီပေါက် မြန်မာရွှေ့ပြောင်း လုပ်သားတွေကို ကူညီပြီး ဆုငွေထုတ်ပေးနေတာ ဒါပါဆိုရင် ပထမဆုရသူတွေချည်း အကြိမ်ပေါင်း ၃၀ ရှိသွားပြီလို့ ပြောသွားပါတယ်။ 

3 months Ago
Up