ဘတ်စ်ကား

December 6, 2021

မာလီတွင် ခရီးသည်တင် ဘတ်စ်ကားပစ်ခတ်ခံရပြီး ၃၁ ဦး ထက်မနည်းသေဆုံး

မာလီနိုင်ငံအလယ်ပိုင်းမှာ စစ်သွေးကြွတွေက စျေးသွားတဲ့ လူတွေကို တင်လာတဲ့ ဘတ်စ်ကားတစီးကို ဒီဇင်ဘာ ၃ ရက်က ပစ်ခတ်ခဲ့လို့ လူ ၃၁ယောက်ထက် မနည်း သေဆုံးတယ်လို့ ဒေသန္တရ အာဏာပိုင်တွေကို ကိုးကားပြီး ရိုက်တာသတင်းဌာနက ဒီဇင်ဘာ ၅ ရက်မှာ ဖော်ပြပါတယ်။

ကားထဲမှာ မီးလောင်ထားတဲ့ အလောင်း ၂၅ လောင်းကို တွေ့ရတယ်လို့ အမည်မဖော်တဲ့ လုံခြုံရေး အတွင်းသတင်း ရင်းမြစ်တယောက်ကို ကိုးကားပြီး ရိုက်တာသတင်းဌာနက ဖော်ပြပါတယ်။  ဒါဟာ အကြမ်းဖက် သူပုန်တွေ လွှမ်းမိုးနေတဲ့ ဒေသအတွင်း နောက်ဆုံး တိုက်ခိုက်မှုပါ။

ဆောင်ဟိုရွာကနေ ၆ မိုင်ဝေးတဲ့ ဘန်ဒီယာဂါရာ မြို့က စျေးဆီ တပတ် နှစ်ခါသွားတဲ့ ဘတ်စ်ကားကို ဘယ်သူဘယ်ဝါ မသိရတဲ့ သေနတ်သမားတွေက တိုက်ခိုက်ခဲ့တာလို့ အနားက ဘန်းကက်စ်မြို့ က မြို့တော်ဝန်က ပြောပါတယ်။ 

တိုက်ခိုက်ခံရတဲ့ နေရာကို ဘန်ဒီယာဂါရာ ဒေသန္တရအုပ်ချုပ်ရေးမှူးနဲ့ တခြား အရာရှိတွေ လာရောက်စစ်ဆေးခဲ့ပါတယ်။

အစိုးရက သူတို့ကို မေးထားမှာ မဟုတ်ဘဲ ဒီဖြစ်ရပ်ကို ကန့်သတ်ဖို့ အစိုးရက ဆောင်ရွက်ချက် အားလုံးကို လုပ်ဆောင်နေတယ်လို့ အုပ်ချုပ်ရေးမှူးက ဒေသခံ တွေကို ပြောပါတယ်။

ဘာသာ​ရေး စစ်ဝါဒီတွေရဲ့ တိုက်ခိုက်မှုတွေဟာ အာဖရိကရဲ့ ဆာဟယ်ဒေတလွှား ပိုတိုးလာနေလို့ မာလီ၊ ဘာကီနာဖှာဆိုနဲ့ နိုက်ဂျာ နိုင်ငံတွေတလွှားမှာ ထောင်ချီတဲ့ လူတွေ အသတ်ခံရပြီး သန်းချီတဲ့ လူတွေ အိုးပစ် အိမ်ပစ် ထွက်ပြေးနေရပါတယ်။

အယ်လ်ကေဒါတွေနဲ့ အစ္စလာမစ်နိုင်ငံ အမည်ခံ အိုင်အဲ့စ် စစ်သွေးကြွတွေနဲ့ ချိတ်ဆက်ထားတဲ့ သူပုန်တွေကြောင့် မာလီနိုင်ငံအတွင်း အကြမ်းဖက်မှုတွေရဲ့ ဗဟိုချက်ဖြစ်ရာ မော့တီဒေသ အလယ်မှာ တိုက်ခိုက်ခံ ရွာက တည်ရှိပါတယ်။  

2 months Ago

November 27, 2021

မက္ကဆီကိုတွင် ဘတ်စ်ကားက လူနေအိမ်ကိုဝင်တိုက်မိသဖြင့် ၁၉ ဦး သေဆုံး

မက္ကဆီကိုနိုင်ငံ၊ မက္ကဆီကိုစီးတီးမြို့အနီးရှိ နေအိမ်တစ်လုံးကို  နိုဝင်ဘာ ၂၆ ရက်က  ဘတ်စ်ကား တစ်စီးက တိုက်မိပြီးနောက်မှာ အနည်းဆုံး လူ ၁၉ ယောက် သေဆုံးကာ အယောက် ၃၀ ကျော် ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသတွင်း သတင်းတွေအရ သိရပါတယ်။ 

ခရီးသည်တင်ဘတ်စ်ကားဟာ မက္ကဆီကိုပြည်နယ်ရှိ ဒေသန္တရဘာသာရေး ဘုရားကျောင်းကို တခုကို ဦးတည်သွားစဉ် ကားတိုက်မှုဖြစ်ခဲ့တာပါ။  ယာဉ်မောင်းက ချာလ်မာမြို့ကို ဖြတ်လမ်းကို ဖြတ်ဖို့ ရည်ရွယ်ခဲ့ပြီး ဘတ်စ်ကားဘရိတ် မမိလို့ မတော်တဆမှုဖြစ်ခဲ့တာပါလို့ ပြည်သူ့ကာကွယ်ရေးအရာရှိ ဗန်နက်ဆာက ပြောပါတယ်။

ယာဉ်မောင်းဟာ ဘရိတ်ချို့ယွင်းကြောင်း သတင်းပို့ပြီးနောက်မှာ သူ့ရဲ့လမ်းကြောင်းကို ရပ်တန့်ဖို့ ကြိုးပမ်းခဲ့သေးတယ်လို့ ဒေသခံတစ်ဦးက ရိုက်တာသတင်းဌာနကို ပြောကြားပါတယ်။ 

ဘရိတ်က တုံ့ပြန်မှု မရှိတော့တာ၊ အပူလွန်ကဲတာကြောင့် ဖြစ်နိုင်တယ်လို့ ယူဆမိကြောင်း ဒေသခံ တယောက်က ပြောပါတယ်။ 

ယာဉ်မောင်းက ဘရိတ်မမိပဲ ဆက်မောင်းနေပြီးတဲ့နောက်မှာတော့ တနေရာကို ဝင်တိုက်ပြီး ရပ်လိုက်ဖို့ ဆုံးဖြတ်ခဲ့ပုံရပြီး ကံမကောင်းချင်တော့ သူလည်း သေဆုံးသူတွေထဲ ပါသွားတယ်လို့ ဆိုပါတယ်။  ဒီမတော်တဆမှုနဲ့ပတ်သက်ပြီး ပြည်နယ်တာဝန်ရှိသူတွေက ထုတ်ပြန်ခြင်း မရှိသေးပါဘူး။ 

2 months Ago
More News
Up