ဘတ် ၅ သန်းခန့်တန်ဖိုးရှိ

April 28, 2018

ဘတ် ၅ သန်းခန့်တန်ဖိုးရှိ အလှကုန်အတုများ ထိုင်းရဲ ဖမ်းဆီး

  ထိုင်းနိုင်ငံ ဖူးခက်မှာ ထိုင်းဘတ်ငွေ ၅ သန်းလောက် တန်ဖိုးရျိတဲ့ အလှကုန် ခရင်မ်အတု ကုမ္ပဏီတခုနဲ့ ကုန်ပစ္စည်းအတု ရောင်းနေသူတွေကို ဧပြီ ၂၆ ရက်နေ့ မနက်က ရဲတွေ ရှောင်တခင် စစ်ဆေး ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။ နယ်စပ် ကင်းလှည့်ရဲ အရာရှိတွေက ကုမ္ပဏီက ခရင်မ်တီထွင်သူရဲ့ တိုင်တန်းချက်ကို ရပြီးတဲ့နောက် အားလပ်ရက်ဈေးနားက ပန်ဒါအလှကုန်ဆိုင်ကို မနက် ၁၀ နာရီခွဲလောက်မှာ ဝင်ရောက်စစ်ဆေးခဲ့တာပါ။ အလှခရင်မ်ဘူး ရာပေါင်းများစွာကို အာဏာပိုင်တွေက ရှာတွေ့ခဲ့ပြီး ကုန်ပစ္စည်းရဲ့ နာမည်ကတော့ ရေယန်စကင်း (Rayanskin) အထူးသဖြင့် ရေးဖေရှယ်မက်စ်က် (Ray Facial Mask) နဲ့ ရေးဖေရှယ်ဂိုးလ်မက်စ်က် (Ray Facial Gold Mask) ကုန်ပစ္စည်းတွေလို့ သိရပါတယ်။ ရေယန်စကင်း အင်တာနေရှင်နယ် ကုမ္ပဏီလီမိတက်ရဲ့ ရှေ့နေဂျရင်းကတော့ သူတို့ကုန်ပစ္စည်းတွေကို အတုလိုက်ထွက်လို့ ရေးဖေရှယ်မက်စ်က်နဲ့ ရေးဖေရှယ်ဂိုးလ်မက်စ်က် ကုန်ပစ္စည်းတွေကို ဆက်မထုတ်တော့ဘူးလို့ ရှင်းပြပါတယ်။ သူတို့အနေနဲ့ ဝယ်ယူတွေက ပစ္စည်းအတုတွေကို အစစ်ထင်ပြီး သုံးစွဲပါက အတုတွေရဲ့ ဓာတုဆေးဝါးဒဏ်တွေ ခံရမှာ စိုးရိမ်တယ်လို့ ပြောပါတယ်။ ပစ္စည်းအစစ်တွေမှာ ပါဝင်တဲ့ အချို့ဒြပ်တွေ မပါဝင်တဲ့ ပစ္စည်းအတုတွေကိုလည်း ဘူးတွေထဲမှာ တွေ့တယ်လို့ သည်ဖူးခက်နယူးစ်သတင်းဌာနကို ပြောပါတယ်။ ဆိုင်ရှင်ကိုတော့ အလှကုန်ပစ္စည်း အက်ဥပဒေနဲ့ မှတ်ပုံမတင်ထားတဲ့ ကုန်ပစ္စည်းအတုကို ရောင်းချပြီး စားသုံးသူကာကွယ်ရေး ဥပဒေကို ချိုးဖောက် တရားစွဲမယ်လို့ ရှောင်တခင်စစ်ဆေးမှုကို ဦးဆောင်သူ ရဲအရာရှိ တီရာဆက်နာရာစိုင်က ပြောပါတယ်။ အဲဒီအတွက် ပြစ်ဒဏ်က ထောင်ဒဏ် အမြင့်ဆုံး ၄ နှစ် ဒါမှမဟုတ် ဒဏ်ငွေ ဘတ် ၄ သိန်း ဒါမှမဟုတ် ၂ ခုစလုံးလို့လည်း သိရပါတယ်။ ဝင်ရောက်စစ်ဆေးချိန်မှာ တွေ့ရှိတဲ့ သံသယရှိသူ တော်တော်များများကို ဖမ်းဆီးသွားပြီး လူဘယ်လောက်နဲ့ ကုမ္ပဏီမှာ ဘာတာဝန် ထမ်းဆောင်တယ်ဆိုတာတော့ ဖော်ပြထားခြင်း မရှိပါဘူး။ သံသယရှိသူအားလုံး ထပ်မံစစ်ဆေးဖို့ ဝီချစ်ရဲဌာနကို ခေါ်သွားတယ်လို့ ရဲအရာရှိ တီရာဆက်က ပြောကြောင်း ကိုကိုးနက်သတင်းတပုဒ်မှာ ဖော်ပြထားပါတယ်။
3 years Ago
Up