ဘတ် ၁၂ သန်းတန် ထိုင်းထီလက်မှတ်ပျောက်ဆုံးမှု ဒီအန်အေစစ်ဆေးပြီး ပိုင်ရှင်အစစ်ဖော်ထုတ်

December 12, 2017

ဘတ် ၁၂ သန်းတန် ထိုင်းထီလက်မှတ်ပျောက်ဆုံးမှု ဒီအန်အေစစ်ဆေးပြီး ပိုင်ရှင်အစစ်ဖော်ထုတ်

ထိုင်းနိုင်ငံ အနောက်မြောက်ပိုင်း ဘူရီရမ်ခရိုင်ထဲမှာ လွန်ခဲ့တဲ့ ၃ လက ဖြစ်ပွားခဲ့တဲ့ တစောင်ကို ဘတ် ၆ သန်းပေါက်တဲ့ ထိုင်းထီ ၂ စောင် (စုစုပေါင်း ၁၂ သန်း) ပျောက်ဆုံးမှုမှာ ထိုင်းနိုင်ငံ အမျိုးသားဆေးသိပံ္ပဌာနက ဒီအန်အေစစ်ဆေးပြီး ပိုင်ရှင်အစစ်မှန်ကို ဖော်ထုတ်ပေးခဲ့ပါတယ်။ ထိုင်းရဲတပ်ဖွဲ့က ပေးပို့လိုက်တဲ့ ပေါက်ဂဏန်း ၇၁၅၄၃၁ ပါ ထီလက်မှတ် ၂ စောင်ရှိ လက်ဗွေရာတွေကို ဆေးသိပံ္ပဌာနက ဒီအန်အေ စစ်ဆေးပေးခဲ့တာပါ။ အဲဒီထီလက်မှတ် ၂ စောင်ဟာ ဒီနှစ် သြဂုတ် ၁၆ ရက်နေ့က ထွက်ရှိခဲ့တဲ့ ပေါက်ဂဏန်းဖြစ်ပြီး ဘူရီရမ်ခရိုင် နန်းလောင်းမြို့နယ် ဟိုထနွန်ရပ်နေ အသက် ၃၁ နှစ်အရွယ်ရှိ နိုင်းဖန်းဆတ်ဒီဆိုသူက ထီလက်မှတ်အခိုးခံရကြောင်း ရဲစခန်းမှာ သွားရောက်တိုင်ကြားခဲ့တာ ဖြစ်ပါတယ်။ သြဂုတ် ၂၃ နဲ့ ၂၄ ရက်တွေမှာတော့ လွဲ့အစ်ခရိုင် ဆုဝနဖုမ်းမြို့နယ်မှာ နေထိုင်တဲ့ နိုင်းဝိထယားနဲ့ နန်းခွန်ဆီဆိုသူ လင်မယား ၂ ဦးက တစောင်လျှင် ဘတ် ၆ သန်းတန် ပေါက်ဂဏန်းပါ ထီလက်မှတ် ၃ စောင်နဲ့အတူ ဆုငွေ စုစုပေါင်း ၁၈ သန်းရရှိဖို့ ရဲစခန်းမှာ လာရောက်အကြောင်းကြားခဲ့ပါတယ်။ ရဲတပ်ဖွဲ့က အဲဒီထီလက်မှတ် ၃ စောင်ကို စစ်ဆေးရာမှာ ၂ စောင်မှာ နိုင်းဖန်းဆဒ်ဒီက ပျောက်ဆုံးကြောင်း တိုင်ကြားထားတဲ့ ထီလက်မှတ်ဖြစ်နေတာကြောင့် ဆုငွေကို ဆိုင်းငံ့ထားခဲ့ပြီး စုံစမ်းစစ်ဆေးခဲ့ပါတယ်။ ရဲတပ်ဖွဲ့ဝင်တွေက ထီလက်မှတ်ရောင်းသူကို မေးမြန်းခဲ့ပေမယ့် အဖြေမှန်မရဘဲ နှစ်ဖက်လုံးကလည်း သူမှန်ကိုယ်မှန် အငြင်းပွါးနေတာကြောင့် ဆေးသိပံ္ပဌာနကို ပေးပို့ခဲ့ရတာပါ။ ဆေးသိပံ္ပဌာနရဲ့ စစ်ဆေးတွေ့ရှိချက်မှာတော့ လွဲ့အစ်ခရိုင်မှ လင်မယားနှစ်ဦးဖြစ်တဲ့ နိုင်းဝိထယားနဲ့ နန်းခွန်ဆီတို့ရဲ့ လက်ဗွေရာတွေသာ တွေ့ရှိပြီး တိုင်ကြားသူ နိုင်းဖန်းဆဒ်ဒီရဲ့ လက်ဗွေရာ မတွေ့ရဘူးလို့ ဆိုပါတယ်။ စစ်ဆေးချက်တွေနဲ့ ပတ်သက်ပြီး ထိုင်းရဲတပ်ဖွဲ့က ဒီကနေ့ ဒီဇင်ဘာ ၁၂ ရက်မှာ သတင်းစာရှင်းပွဲ ပြုလုပ်ဖို့ရှိနေပြီး လက်ဗွေရာမတွေ့တဲ့ နိုင်းဖန်းဆဒ်ဒီကိုတော့ ဘယ်လိုအပြစ်ပေး အရေးယူမလဲဆိုတာ မသိသေးဘူးလို့ ဘူရီရမ်ခရိုင် ရဲတပ်ဖွဲ့ဝင်တဦးကပြောကြောင်း Sanook.com သတင်းမှာ ဖော်ပြထားပါတယ်။
3 years Ago
Up