ဘတ်တထောင်

July 17, 2017

ထိုင်းမြောက်ပိုင်းတွင် ဘတ်တထောင်တန် ငွေစက္ကူအတုများကို သတိထားရန် နှိုးဆော်

ထိုင်းနိုင်ငံမြောက်ပိုင်းမှာ ပြည်သူတဦး ဘတ်တထောင်တန် ငွေစက္ကူအတုတွေ ကောက်ရပြီးတဲ့နောက် ဈေးဆိုင်တွေမှာလည်း ငွေတုတွေ လက်ခံရရှိတဲ့အတွက် ငွေစက္ကူတွေ သတိထားဖို့ ဖစ်ချဘွန်းခရိုင်ဝန်က သတိပေးနှိုးဆော်ထားကြောင်း ထိုင်းရတ်သတင်းမှာ ဖော်ပြပါတယ်။ ဒီမတိုင်ခင် ပြီးခဲ့တဲ့ ဇူလိုင် ၁၃ ရက် ညနေပိုင်းက ထိုင်းမြောက်ပိုင်း ဖစ်ချဘွန်းခရိုင် ဖစ်ချဘွန်းမြို့ ဝမ်းချုန်းဖူးရပ်ကွက် ဆရာဘူရီ-လုမ်ဆဒ်သွား လမ်းမကြီးပေါ်မှာ ဘတ်တထောင်တန် ငွေစက္ကူပေါင်း ၂၁ ရွက် ကျေနတာကို ပြည်သူတဦးက တွေ့ရှိပြီး မြို့နယ်မှူးကို လာရောက်အပ်နှံခဲ့ပါတယ်။ အဲဒီငွေစက္ကူတွေဟာ စာအိတ်အဖြူထဲရော အပြင်မှာပါ ပြန့်ကျဲနေပြီး တချို့ကို လူတွေကောက်ယူသွားတယ်လို့ ကောက်ရသူက ပြောပါတယ်။ ကောက်ရငွေတွေ စစ်ဆေးကြည့်ရှုရာမှာ ၂၁ ရွက်လုံး ငွေအတုတွေ ဖြစ်နေတာကြောင့် မြို့နယ်မှူးက ရဲစခန်းကို သွားအပ်လိုက်ပါတယ်။ မကြာခင် ရပ်ကွက်နဲ့ ဈေးဆိုင်တွေမှာလည်း ဘတ်တထောင်တန်အတုတွေ လက်ခံရရှိကြောင်း ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးနဲ့ မြို့နယ်ရုံးမှာ လာရောက်တိုင်တန်းကြတယ်လို့ ဆိုပါတယ်။ ဒါကြောင့် ဖစ်ချဘွန်းခရိုင်မှူးက ပြည်သူတွေအနေနဲ့ ဘတ်တထောင်တန် ငွေစက္ကူရရှိက သတိထားစစ်ဆေးဖို့၊ ငွေစက္ကူအစစ်ဆိုရင် စက္ကူသားအနည်းငယ်ထူပြီး ရေစာမှာ အနည်းငယ်ဖောင်းကြွနေကြောင်း၊ အတုဆိုရင်တော့ စက္ကူသား ပါးလျချောမွတ်နေကြောင်း၊ အထူးသဖြင့် ညအချိန် ငွေလက်ခံရရှိရင် သေချာကြည့်ပြီးမှ လက်ခံဖို့ သက်ဆိုင်ရာ အုပ်ချုပ်ရေးရုံးတွေကနေတဆင့် သတိပေးထားပါတယ်။ အလားတူ ထိုင်းတောင်ပိုင်း တရန်းခရိုင်ထဲမှာလည်း လွန်ခဲ့တဲ့ သုံးလေးလက ဘတ် ၅၀ တန် ငွေစက္ကူအတုတွေ တွေ့ရှိခဲ့ကြောင်း၊ မသမာသူတွေဟာ ဈေးသည်အလုပ်များတဲ့အချိန်၊ မှောင်ရီပျိုးတဲ့အချိန်တွေမှာ ငွေစက္ကူအတုနဲ့ လာဝယ်လို့ ခရိုင်ရဲမှူးကိုယ်တိုင် နယ်မြေထဲ ကွင်းဆင်းစစ်ဆေးခဲ့ရတယ်လို့ ဆိုပါတယ်။ ထိုင်းတောင်ပိုင်း ရနောင်းခရိုင် ကရပူရီမြို့နယ်ထဲမှာတော့ ပြီးခဲ့တဲ့ ဇူလိုင် ၁၅ ရက်နေ့က မြန်မာနိုင်ငံသား ၂ ဦးနဲ့ အိန္ဒိယနိုင်ငံသား ၁ ဦးတို့ထံမှ ငွေစက္ကူအတုလုပ် ပရင်တာစက်နဲ့ ဘတ် ၅၀၀ တန် အတု ၃ ရွက်တို့ကို ဖမ်းဆီးရမိတယ်လို့ ထိုင်းရတ်သတင်းမှာ ဖော်ပြထားပါတယ်။
6 years Ago
Up