ဘတ်တီးရီးယားပိုးကြောင့်

January 20, 2018

ဘတ်တီးရီးယားပိုးကြောင့် ပြင်သစ်ထုတ် နို့မှုန့်များကို စပိန်အစိုးရ ဖယ်ရှား

ဘက်တီးရီးယား ကူးစက်မှုကြောင့် လက်တဲလစ်စ် နို့ထွက်ကုန်တွေ ရောင်းချမှုကို စပိန်အစိုးရက ရပ်တန့်လိုက်ပါတယ်။ ပြင်သစ်နိုင်ငံထုတ် နို့ထွက်ပစ္စည်း လုပ်ငန်းလက်တဲလစ်က ထုတ်တဲ့နို့မှုန့် ထုတ်ကုန်တွေကို စပိန်နိုင်ငံတွင်းက ဈေးဆိုင်တွေကနေ ဖယ်ရှားလိုက်ပါတယ်။ ဆယ်လ်မွန်နယ်လာ ဘက်တီးရီးယားတွေပါဝင် ညစ်ညမ်းနေတယ်ဆိုတဲ့ စိုးရိမ်မှုတွေကြောင့် ခုလို ဖယ်ရှားတာပါ။ စပိန်နိုင်ငံ ဘတ်စ်ကို ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသအတွင်း ဆယ်လ်မိုနယ်လာ ဘက်တီးရီးယားတွေပါတဲ့ လက်တဲလစ် နို့မှုန့်တွေကို သောက်အပြီးမှာ ငါးလအောက် ကလေးတွေ မကျန်းမမာ ဖြစ်ခဲ့တာပါ။ ဒီဖြစ်ရပ် ဖြစ်ဖြစ်ချင်း ကာတာလိုးနီးယား အာဏာပိုင်တွေက လက်တလစ်ရဲ့ အထွေထွေ အရောင်းကိုယ်စားလှယ်ကို ဆက်သွယ်ပြီး နို့မှုန့်ရောင်းချမှု ချက်ချင်းရပ်ဖို့ ပြောခဲ့ပါတယ်။ ဒါ့အပြင် စပိန်ရဲ့ တခြားအစိတ်အပိုင်းတွေမှာပါ လိုအပ်သလို အရေးယူနိုင်အောင် အမျိုးသား စားနပ်ရိက္ခာ ဘေးကင်းရေး အာဏာပိုင်အဖွဲ့ကို အကြောင်းကြားခဲ့ပါတယ်။ ညစ်ညမ်း နို့ထွက်ကုန်တွေကို စာရင်းလုပ်ပြီး အင်တာနက်ပေါ်မှာ ထုတ်ပြန်ကြေညာခဲ့သလို တခြားမီဒီယာတွေက ဒေသခံတွေကို သတင်းပေးဖို့လည်း အကြောင်းကြားခဲ့ပါတယ်။ “ဒီနို့မှုန့်တွေကို ပြန်အပ်ဖို့ မနှစ်က ဒီဇင်ဘာ ၁၁ ရက်မှာ ကြေညာချက် ထုတ်ပြန်အပြီး နို့မှုန့်ထုတ်ကုန် အထုတ်ပေါင်း ငါးသိန်းငါးသောင်း ကို ပြန်အပ်ခဲ့ ပြီးပါပြီ။ ကျနော်တို့ စစ်ဆေးရေးမှူးက ကုန်စည်တွေကို အရောင်းရပ်တာ၊ ပြန်အပ်တာနဲ့ နောက်တကြိမ် ပြန်ဖြန့်ဖြူးလို့မရအောင် ဖျက်ဆီးပစ်တာ သေချာအောင် လုပ်သွားမယ်” လို့ ကာတာလန် စားနပ်ရိက္ခာ ဘေးကင်းရေးဌာန ဒုအကြီးအကဲ ကားမဲန်းချာကွန်က ပြောပါတယ်။ လက်တဲလစ်ဟာ ကမ္ဘာ့အကြီးဆုံး နို့ထွက်ကုန် ထုတ်လုပ်သူတွေထဲက တဖွဲ့ပါ။ ပြင်သစ် အနောက်မြောက်ပိုင်း ခရေအွန်မြို့ စက်ရုံက နို့မှုန့် အခြောက်ခံ မျှော်စင်ကနေ ညစ်ညမ်းမှု စတင်တယ်လို့ ကုမ္ပဏီက ယုံကြည်ထားကြောင်း သိရပါတယ်။ ဆယ်လ်မိုနယ်လာ ဘက်တီးရီးယားဟာ သက်ကြီးရွယ်အိုတွေနဲ့ အင်မတန်ငယ်တဲ့ ကလေးတွေအတွက် အသက်ကို ဆုံးရှုံးစေနိုင်တဲ့ ဘက်တီးရီးယားပါ။ အစာအဆိပ်သင့်မှု ဖြစ်စေနိုင်ပြီး. ဝမ်းလျှောတာ ဗိုက်အောင့်တာနဲ့ အော့အန်တဲ့ လက္ခဏာတွေ ပြပါတယ်။ ဒီနို့ထွက်ကုန်ညစ်ညမ်းမှုဟာ ဥရောပ အာရှနဲ့ အာဖရိက ဒေသတွေက နိုင်ငံတွေ အပေါ် သက်ရောက်ခဲ့ပါတယ်။
4 years Ago
Up