ဘတ်စ်ကားမောင်းသူများ

July 29, 2015

အယ်လ်ဆာဗေဒိုးတွင် လူသတ်မှုကြောင့် ကားမောင်းသူများ လုပ်ငန်းခွင်ကျောခိုင်း

အယ်လ်ဆာဗေဒိုးနိုင်ငံ မြို့တော် စန်စယ်လ်ဗာဒိုးမှာ နိုင်ငံတွင်း အကြမ်းဖက်ဂိုဏ်းတွေက လူသတ်မှုတွေ ကျူးလွန်နေတာကြောင့် ဘတ်စ်ကားမောင်းသူတွေ ဇူလိုင် ၂၈ ရက်နေ့က လုပ်ငန်းခွင်ကို ကျောခိုင်းခဲ့ကြလို့ ဒေသခံတွေဟာ ရဲကားတွေနဲ့ ကုန်ကားတွေကို စီးနင်းနေရပါတယ်။ သီတင်းပတ်ကုန်ရက်က ဘတ်စ်ကား ၂ စီး မီးရှို့ခံရပြီး ဘတ်စ်ကားမောင်းသူ ၅ ဦးနဲ့ တခြား သယ်ယူပို့ဆောင်ရေး လုပ်သား ၁ ဦး ဇူလိုင် ၂၇ ရက်က အသတ်ခံခဲ့ရပြီး သေဆုံးမှုတွေကို အမျိုးသား အရပ်ဘက် ရဲညွှန်မှူးက အတည်ပြုခဲ့ပါတယ်။ လူသတ်မှုတွေကို စေ့စေ့စပ်စပ် စုံစမ်းစစ်ဆေးဖို့ ဘတ်စ်ကားမောင်းသူတွေက ဆော်သြခဲ့ကြပါတယ်။ ထောင်ကျခံ အဖွဲ့ဝင်တွေအတွက် ပြင်းထန် ကြမ်းတမ်းတဲ့ အခြေအနေကို လျှေ့ချဖို့နဲ့ သူတို့ရဲ့ လုပ်ငန်းတွေအပေါ် နှိမ်နင်းမှုတွေ ဖြေလျှော့ပေးဖို့ အစိုးရနဲ့ ညှိနှိုင်းရေး ဖိအားပေးတဲ့ အနေနဲ့ ခုလို လုပ်တာပါ။ ပဋိပက္ခတွေအတွင်း လူအနည်းဆုံး ၆ ဦး သေဆုံးပြီး ထောင်နဲ့ချီတဲ့ လမ်းသွားသူတွေ လမ်းတွေပေါ် သောင်တင်နေခဲ့ပြီး  ဒေသခံတွေကို ကူညီဖို့ ရဲကားတွေကို သုံးနေရပါတယ်။ အမေရိကနိုင်ငံတွေထဲ အကြမ်းဖက်မှု အများဆုံးနိုင်ငံတွေထဲက တနိုင်ငံဖြစ်တဲ့ အယ်လ်ဆာဗေဒိုးမှာ အစိုးရက ရာဇဝတ်ဂိုဏ်းတွေနဲ့ ဆွေးနွေးဖို့ ပယ်ချထားပါတယ်။ အယ်လ်ဆာဗေဒိုး နိုင်ငံအတွင်း လူသတ်မှုက မနှစ်ကနဲ့စာရင် ဒီနှစ်ရဲ့ ပထမ ငါးလအတွင်း ၅၀ ရာခိုင်နှုန်း ခုန်တက်သွားခဲ့တာပါ။ ပြိုင်ဘက် မာရာ စယ်လ်ဗာထရူချာနဲ့ ဘာရီယို အိတ်တင်း ဂိုဏ်းတွေကြား တိုက်ပွဲတွေကြောင့် လူသတ်မှုတွေ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ခဲ့တာလို့ အပြစ်တင်ထားပါတယ်။ ၂၀၁၄ က စတဲ့ အကြမ်းဖက်မှု လှိုင်းအတွင်း ရဲအရာရှိ အယောက် ၃၀ ကျော်နဲ့ စစ်သား ၁၁ ဦး သေဆုံးခဲ့ပြီး ၂၀၁၅ ရဲ့ ပထမငါးလအတွင်း လူ ၂၁၉၂ ဦး အသတ်ခံခဲ့ရပါတယ်။
6 years Ago
Up