ဘတ်စ်ကားပေါ်မှ ဖုန်းသူခိုးကို ယာဉ်မောင်းက ကားတံခါးဖြင့်ညှပ်ပိတ်ပြီး ဖမ်းဆီး

February 13, 2017

ဘတ်စ်ကားပေါ်မှ ဖုန်းသူခိုးကို ယာဉ်မောင်းက ကားတံခါးဖြင့်ညှပ်ပိတ်ပြီး ဖမ်းဆီး (ရုပ်သံ)

ကိုလံဘီယာနိုင်ငံမှ ဘတ်စ်ကားတစီးပေါ်မှာ ခရီးသည်အမျိုးသမီးတဦးရဲ့ ဖုန်းကို ခိုးယူပြီး ကားပေါ်မှ ခုန်ချထွက်ပြေးဖို့ ကြိုးစားတဲ့ အမျိုးသားကို ယာဉ်မောင်းက ကားတံခါးနဲ့ညှပ်ပိတ်ပြီး ဖမ်းဆီးကာ ရဲစခန်းဆီ ပို့ဆောင်နိုင်ခဲ့ပါတယ်။ ရုပ်သံဗွီဒီယိုဖိုင်ထဲမှာတော့ ခိုးသူအမျိုးသားရဲ့ ဂျင်းဘောင်းဘီဝတ် ခန္ဓာကိုယ်အောက်ပိုင်းဟာ တွဲလောင်းကျနေပြီး ကားက တရွတ်တိုက်ဆွဲခေါ်သွားခဲ့တာကို တွေ့ရပါတယ်။ မျက်မြင်တွေ့ရှိသူ အမျိုးသမီးတဦးက အဲဒီအမျိုးသားကို ဆွဲထုတ်ကယ်တင်ဖို့ ကြိုးစားခဲ့ပေမယ့် ယာဉ်မောင်းက ကားကို ရပ်မပေးခဲ့ဘဲ နီးစပ်ရာ ရဲစခန်းတခုဆီ မောင်းနှင်ကာ ရဲလက်ကို အပ်နှံခဲ့တာပါ။ ဒီအဖြစ်အပျက်ဟာ ကိုလံဘီယာနိုင်ငံမြို့တော် ဘိုဂိုတာအနီး ဗီလာ ဟာမိုဆာ ဒေသတွင်းမှာ ဖေဖော်ဝါရီ ၈ ရက်နေ့က ဖြစ်ခဲ့တာဖြစ်ပြီး အဲဒီအနီးတဝိုက်နေရာတွေဟာ လမ်းမတွေပေါ်၊ ဘတ်စ်ကားတွေပေါ် နေရာအနှံ့ လုယက်မှုတွေ ဖြစ်လေ့ရှိတဲ့ နေရာတွေဖြစ်တယ်လို့ ဒေသခံ ဂျိုဆေးလ် အိုဘဲလ်က ပြောပါတယ်။ ရဲစခန်းတာဝန်ရှိသူ ဒီယေးဂို ဗက်ဆ်ကွက်ဇ်က “ဒီယာဉ်မောင်းက သက်ဆိုင်ရာ တာဝန်ရှိသူတွေရဲ့အလုပ်ကို ကူညီပေးလိုက်တာပါပဲ။ တံခါးနဲ့ ပိတ်ညှပ်ထားသလိုဖြစ်နေတော့ သူခိုးက လုယက်မှု မကျူးလွန်နိုင်တော့ဘူး” လို့ ပြောပါတယ်။ ဒါပေမယ့် နောက်ဆုံးမှာတော့ ပြစ်မှုကျူးလွန်ဖို့ ကြိုးစားတဲ့ အမျိုးသားဟာ ခရီးသည်အမျိုးသမီးဆီက ဖုန်းကိုလည်း ရယူနိုင်ခဲ့ခြင်း မရှိတာမို့ သူ့ကို ပြန်လွှတ်ပေးခဲ့ရတယ်လို့ ဒေးလီးမေးလ်သတင်းတပုဒ်မှာ ဖော်ပြပါတယ်။
4 years Ago
Up