ထိုင်းနိုင်ငံမှ ဘုန်းကြီးတပါးဟာ ဘတ်စ်ကားတစီးရဲ့ ကြမ်းပြင်ပေါ်မှာ တံတွေးထွေးခဲ့တဲ့အတွက် ယာဉ်မောင်းလင်မယား ၂ ဦးနဲ့ ရုတ်ရုတ်သဲသဲ ရန်ပွဲဖြစ်ခဲ့ပါတယ်။
ဒီအဖြစ်အပျက်ဟာ မေလ ၃ ရက် ညနေပိုင်းက ထိုင်းနိုင်ငံအရှေ့မြောက်ပိုင်း၊ ရွိုင်အက်တ်ခရိုင်ထဲမှာ ဖြစ်ခဲ့တာလို့ မေရာသတင်းတပုဒ်မှာ ဖော်ပြပါတယ်။
အဲဒီဘုန်းကြီးဟာ မီနီဗန်အမျိုးအစား ခရီးသည်တင်ဘတ်စ်ကားတစီးနဲ့ စီးနင်းလိုက်ပါဖို့ ရှိနေခဲ့တာဖြစ်ပြီး သူဟာ ကားရဲ့ကြမ်းပြင်ပေါ်မှာ တံတွေးထွေးချခဲ့တာကို ယာဉ်မောင်းဖြစ်သူရဲ့ ဇနီးက မြင်ခဲ့လို့ သတိပေး တားမြစ်ခဲ့တာပါ။
ဘုန်းကြီးက သူမလုပ်ခဲ့ဘူးလို့ ငြင်းခဲ့တာဖြစ်ပြီး အမျိုးသမီးနဲ့ အချေအတင် စကားများခဲ့ကြတာပါ။
အဲဒီနောက်တော့ ဘုန်းကြီးဟာ ရုတ်တရက်ပဲ အမျိုးသမီးရဲ့မျက်နှာကို လက်သီးနဲ့ ထိုးခဲ့တာဖြစ်ပြီး ရန်ပွဲစတင်ခဲ့တာပါ။
ဘုန်းကြီးက အမျိုးသမီးကို ထိုးနှက်ခဲ့တဲ့အတွက် ခင်ပွန်းဖြစ်သူ ယာဉ်မောင်းကလည်း ရန်ပွဲထဲ ပါဝင်လာခဲ့ပြီး ဘုန်းကြီးကို ထိုးနှက်ခဲ့တာကို ရုပ်သံဗွီဒီယိုဖိုင်ထဲမှာ တွေ့ရပါတယ်။
ခရီးသွား ဘတ်စ်ကားလိုင်း တာဝန်ရှိသူတွေက ခုလို ရန်ပွဲဖြစ်ခဲ့တဲ့အတွက် ယာဉ်မောင်းလင်မယားကို အလုပ်ကနေ ထုတ်ပယ်ခဲ့ပါတယ်။
4 years Ago