ဘတ်စ်ကား

July 1, 2019

အိန္ဒိယတွင် ဘတ်စ်ကားတစီး ချောက်ထဲထိုးကျသဖြင့် ၃၃ ဦးသေ၊ ၂၂ ဦး ဒဏ်ရာရ

အိန္ဒိယနိုင်ငံ ကက်ရှ်မီးယားပြည်နယ်မှာ ဇူလိုင်လ ၁ ရက်က ခရီးသည်တင် ဘက်စ်ကားတစီး ချောက်ထဲကို ထိုးကျလို့ လူ ၃၃ ယောက်ထက်မနည်း သေဆုံးပြီး နောက်ထပ် ၂၂ ယောက်ဒဏ်ရာရခဲ့တယ်လို့ ပြည်နယ်တာဝန်ရှိသူတဦးက ပြောပါတယ်။ အဲဒီဘက်စ်ကားဟာ ခံနိုင်ရည်ရှိတဲ့ ပမာဏထက် ဝန်ပိုတင်လာတယ်လို့ မီဒီယာတွေက ဖော်ပြခဲ့ကြပါတယ်။ ကားလမ်းတွေ ပြုပြင်ထိန်းသိမ်းတာ အားနည်းတဲ့ အိန္ဒိယနိုင်ငံက တောင်တန်းဒေသတွေမှာ ယာဉ်မတော်တဆမှုတွေ မကြာခဏ ဖြစ်လေ့ရှိပါတယ်။ ယာဉ်မတော်တဆမှု အများစုဟာ ဆင်ခြင်မဲ့မောင်းနှင်တာကြောင့်နဲ့ လမ်းစည်းကမ်းတွေကို သေချာမလိုက်နာတဲ့ အတွေ့အကြုံမရှိတဲ့ ယာဉ်မောင်းတွေကြောင့်လို့ ဂျမူးနဲ့ ကက်ရှ်မီးယား ပြည်နယ်အုပ်ချုပ်ရေးမှူး ဆာယာပါလ်မာလစ်ခ်က ပြောပါတယ်။ ပြီးခဲ့တဲ့ သီတင်းပတ်ကလည်း ရှော်ပီယန်ခရိုင်မှာ ပျော်ပွဲစားထွက်လာတဲ့ ကျောင်းဘက်စ်ကားတစီး ချောက်နက်ထဲကို ပြုတ်ကျလို့ ကျောင်းသား ၁၁ ယောက် သေဆုံးခဲ့ပါတယ်။
2 years Ago

June 21, 2019

အိန္ဒိယတွင် ဘတ်စ်ကားတစီး ချောက်ထဲကျ၊ အယောက် ၃၀ ထက်မနည်း သေဆုံး

အိန္ဒိယနိုင်ငံမြောက်ပိုင်း  တောင်ထူထပ်တဲ့ ဟီမာချယ် ပရာဒေ့ရှ်ပြည်နယ်မှာ ဇွန်လ ၂၀ ရက်နေ့က ဘတ်စ်ကားတစီး ချောက်ထဲကျခဲ့တာကြောင့် လူအယောက် ၃၀ ထက်မနည်း သေဆုံးပြီး ၃၇ ယောက် ဒဏ်ရာရတယ်လို့ အစိုးရတာဝန်ရှိသူတဦးက ပြောပါတယ်။ ဘတ်စ်ကားပေါ်မှာ ခရီးသည် အယောက် ၆၀ ကနေ ၆၅ ယောက်အထိ လိုက်ပါလာတယ်လို့ ကူလူခရိုင် ဝန်ထမ်းတဦးက ဆိုပါတယ်။ The Straits Times သတင်းမှာတော့ ၄၄ ယောက်ထက်မနည်း သေဆုံးတယ်လို့ ဖော်ပြပါတယ်။ ကျန်တဲ့ ခရီးသည် ၂၈ ယောက်ဟာ ဆေးကုသမှု ခံယူနေပြီး အများအပြားဟာ စိုးရိမ်ရတဲ့ ဒဏ်ရာတွေ ရထားပါတယ်။ ခရီးသည်အပြည့်တင်လာတဲ့ ဘတ်စ်ကားဟာ ကူလူခရိုင်က မီတာ ၁၅၀ နက်တဲ့ ချောက်ထဲကို ကျခဲ့တာပါ။ ကမ္ဘာမှာ လူအသေအပျောက်အများဆုံး လမ်းတွေထဲမှာ အိန္ဒိယနိုင်ငံက လမ်းတွေ ပါဝင်ပြီး ၂၀၁၇ ခုနှစ်မှာ မတော်တဆမှု လေးသိန်းခြောက်သောင်းကျော် ဖြစ်ခဲ့တာကြောင့် လူပေါင်း တသိန်းခွဲနီးပါး သေဆုံးခဲ့တယ်လို့ အစိုးရကိန်းဂဏန်းတွေအရ သိရပါတယ်။ အခု မတော်တဆမှုနဲ့ ပတ်သက်လို့ အိန္ဒိယဝန်ကြီးချုပ် မိုဒီက ဝမ်းနည်းကြောင်း တွစ်တာကနေ ရေးသားခဲ့ပါတယ်။
2 years Ago
More News
Up