ဘရာဇီးနိုင်ငံတောင်ပိုင်း၊ ခရီစယူမာမြို့ရှိ ဘဏ်တခုကို ဓားပြ အယောက် ၃၀ လောက်က နိုဝင်ဘာ ၃၀ ရက်မှာ ဝင်စီးခဲ့ပြီး ဖောက်ခွဲဖျက်ဆီးခဲ့ကာ အဆင့်မြင့်လက်နက်တွေနဲ့ ရဲတွေကို ပစ်ခတ်ခဲ့တယ်လို့ ရိုက်တာ သတင်းဌာနမှာ ဖော်ပြပါတယ်။
ဓားပြတိုက်မှုအတွင်း ရဲအရာရှိ တစ်ယောက် အပါအဝင် လူ နှစ်ယောက် ဒဏ်ရာရပြီး ငွေစက္ကူတွေလည်း လမ်းတွေထဲမှာ ပြန့်ကျဲနေလို့ ဒေသခံတွေက ကောက်ယူခဲ့ကြပါတယ်။
နိုဝင်ဘာ ၃၀ သန်းခေါင်မတိုင်ခင်က စတဲ့ ဓားပြတိုက်မှုဟာ ၂ နာရီ နီးပါး ကြာခဲ့တယ်လို့ စန်တာကာတာရီနာပြည်နယ် တပ်ထိန်းရဲက ကြေညာချက် ထုတ်ပြန်ပါတယ်။
လက်နက်ကိုင် ယောက်ျားတွေက မြို့တွင်းလမ်းတွေကို အော်တိုမက်တစ်သေနတ်တွေနဲ့ ပစ်ခတ်တာ၊ ဓားစာခံဖမ်းတာနဲ့ ကားအုပ်လိုက်နဲ့ ထွက်ပြေးတာတွေကို ပြထားတဲ့ ရုပ်ပုံတွေ လူမှုကွန်ရက်မှာ ပျံ့နှံ့လာပါတယ်။
ဓားပြတွေဟာ လမ်းတလျှောက် ငွေစက္ကူတွေကိုလည်း ကြဲချသွားကြပါတယ်။ ဒေသခံတွေက မကြာခင်မှာ လမ်းတွေပေါ် ထွက်လာပြီး ငွေစက္ကူတွေ ကောက်ယူခဲ့ကြပုံကို ရုပ်သံက ဖော်ပြထားပါတယ်။ အာဏာပိုင်တွေက ဘရာဇီး ရီယယ်ငွေ ၈၁၀,၀၀၀ ကို ပြန်ရယူနိုင်ခဲ့ပါတယ်။
ဘရာဇီးမှာ ဘဏ်ဓားပြမှု သမိုင်းရှည်ကြီးရှိပြီး အကြီးစားဘဏ်တွေမှာ လတ်တလော နှစ်တွေအတွင်း အကြမ်းဖက် လုယက်မှုတွေကို ရုန်းကန် ရင်ဆိုင်နေရကာ ရာဇဝတ်သားတွေက ငွေသားတွေကို ရဖို့ ဖောက်ခွဲရေးပစ္စည်းတွေကို ကျွမ်းကျွမ်းကျင်ကျင် သုံးလေ့ရှိတယ်လို့ ရိုက်တာ သတင်းဌာနက ဖော်ပြပါတယ်။
4 months Ago