ဘဏ်လုပ်ငန်း

October 9, 2015

ဗီယက်နမ် ဖွံ့ဖြိုးရေးဘဏ်ဖွင့်ခွင့် လျှောက်ထားမှု မြန်မာ ဦးစားပေး စဉ်းစားမည်

ဗီယက်နမ်နိုင်ငံအခြေစိုက် ရင်းနှီးမြုပ်နှံမှုနှင့် ဖွံ့ဖြိုးရေးဘဏ် (ဘီအိုင်ဒီဗွီ) ဟာ မြန်မာနိုင်ငံမှာ ဘဏ်ခွဲဖွင့်လှစ်ခွင့်လိုင်စင် လျှောက်ထားမှုကို လာမယ့် ၂၀၁၆ ခုနှစ်မှာ ဦးစားပေး စဉ်းစားပေးသွားမယ်လို့ သမ္မတ ဦးသိန်းစိန်ရဲ့ ပြောကြားချက်ကို ကိုးကားပြီး ဗီယက်နမ်နိုင်ငံအခြေစိုက် သာန်နီယဲန်သတင်းမှာ ဖော်ပြပါတယ်။ သမ္မတ ဦးသိန်းစိန်က “အစိုးရအနေနဲ့ ရင်းနှီးမြုပ်နှံမှုနှင့် ဖွံ့ဖြိုးရေးဘဏ် (ဘီအိုင်ဒီဗွီ) ကို ဘဏ်လုပ်ငန်း လုပ်ကိုင်ခွင့်လိုင်စင် ထုတ်ပေးဖို့ ဦးစားပေး စဉ်းစားသွားပါမယ်” လို့ စက်တင်ဘာလ ၆ ရက်နေ့က ဘဏ်ဥက္ကဋ္ဌနဲ့ တွေ့ဆုံချိန်မှာ ပြောကြားလိုက်တာဖြစ်တယ်လို့ ဘဏ်ရဲ့သတင်းထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။ ဗီယက်နမ်နိုင်ငံအခြေစိုက် ဘီအိုင်ဒီဗွီဟာ ဗီယက်နမ်နိုင်ငံရဲ့ အကြီးဆုံး ဖက်စပ်ဘဏ်လုပ်ငန်းတခုဖြစ်ပြီး မြန်မာနိုင်ငံတွင်းမှာ ဘဏ်ခွဲဖွင့်လှစ်ဖို့ စိတ်အားထက်သန်နေတာပါ။ အရင်လိုင်စင်လျှောက်ထားမှုမှာ ဘဏ်ခွဲ ၉ ခုကို မြန်မာအစိုးရက ၂၀၁၄ ခုနှစ် အောက်တိုဘာလတုန်းက ဘဏ်လုပ်ငန်း လုပ်ကိုင်ခွင့်လိုင်စင် ထုတ်ပေးခဲ့တာဖြစ်ပြီး ဗီယက်နမ် ရင်းနှီးမြှုပ်နှံမှုနှင့် ဖွံ့ဖြိုးရေးဘဏ် (ဘီအိုင်ဒီဗွီ) ကတော့ လိုင်စင်မရရှိခဲ့ပါဘူး။
6 years Ago

July 21, 2015

ဂရိတွင် ဘဏ် လုပ်ငန်းများ ပြန်ဖွင့်သော် လည်း ပြည်သူ များ စိုးရိမ်နေကြဆဲ

ဂရိနိုင်ငံမှာ ဇူလိုင် ၂၀ ရက်နေ့က စတင်ပြီး ဘဏ်တွေကို အကန့်အသတ်နဲ့ ပြန်ဖွင့်လိုက်ပြီ ဆိုပေမယ့် အေသင်မြို့တော်မှာ ပြည်သူတွေက စိုးရိမ်နေကြတုန်းပါပဲ။ ဇွန် ၂၉ ရက်နေ့ကတည်းက ၃ ပတ်ကြာ ပိတ်ထားတဲ့ ဘဏ်တွေကို ပြန်ဖွင့်နိုင်ပြီဆိုပေမယ့် ဘဏ်က တဆင့် ငွေပေးချေတာတွေ၊ နိုင်ငံခြားကို ငွေလွှဲတာတွေကိုတော့ ခွင့်မပြုသေးပါဘူး။ ဘဏ်တွေကို ဒီလို အကန့်အသတ်နဲ့ ဖွင့်လိုက်တဲ့နောက်မှာ ချိုးခြံချွေတာရေး အစီအစဉ်တွေလည်း လိုက်လာတော့မှာကို  ဂရိပြည်သူတွေက ကြိုတင်တွေးဆထားကြပါတယ်။ ဂရိဝန်ကြီးချုပ် အဲလက်စ် စီပရက်က ဂရိငွေကြေး အကျပ်အတည်း ပြေလည်စေဖို့ ယူရိုဇုန် နိုင်ငံတွေဆီက ယူရို ၈၆ ဘီလီယံရဖို့ ကြိုးစားနေသလို အပြန်အလှန်အနေနဲ့ ဂရိဘက်ကလည်း အခွန်တိုးတာ၊ ပင်စင်လစာ ဖြတ်တောက်တာ၊ အစိုးရ အသုံးစရိတ် လျှော့ချတာ စသဖြင့် ပြုပြင်ပြောင်းလဲမှုတွေကို လုပ်ဆောင်ရမှာတွေ ရှိပါတယ်။ ဇူလိုင် ၂၀ ရက်နေ့က တန်ဖိုးအပေါ် ထပ်ဆောင်းအခွန် (VAT) ကို အရင်က ၁၃ ရာခိုင်နှုန်း သတ်မှတ်ထားရာကနေ ၂၃ ရာခိုင်နှုန်း တိုးသွားပြီး အသားငါးဈေးတွေလည်း မြင့်တက်သွားပါတယ်။ ပင်စင်စား တာစက် ကာဒါစစ်က သဘောတရားအရ သဘောတူညီချက် ရသွားပြီဖြစ်လို့  ဖြစ်လာမယ့် အကျိုးဆက်တွေကို စိုးရိမ်စိတ်နဲ့ စောင့်နေရုံပဲလို့  ပြောပြပါတယ်။ ဂရိဝန်ကြီးချုပ်ဟာ ဥရောပ မဟာမိတ်တွေနဲ့ သဘောတူညီထားတဲ့အတိုင်း လာမယ့် ရက်သတ္တပတ် အနည်းငယ်အတွင်းမှာ လက်တွေ့ဖြစ်လာအောင် ကြိုးစားနေပါတယ်။ ပြီးခဲ့တဲ့ရက်တွေအတွင်းမှာ  ချိုးခြံချွေတာရေး အစီအစဉ်ကို ဆန့်ကျင်တဲ့ ကက်ဘိနက် အဖွဲ့ဝင်တွေကိုလည်း ၀န်ကြီးချုပ်က အနားပေးခဲ့ပါတယ်။ ဇူလိုင် ၂၂ ရက်နေ့ကျရင်လည်း လွှတ်တော်မှာ အထူးပြဋ္ဌာန်းချက်တွေအတွက် မဲခွဲဖို့ ရှိပါတယ်။
6 years Ago
Up