ဘဏ္ဍာရေးဝန်ကြီ

July 19, 2020

ကိုရိုနာကပ်ဘေးတိုက်ဖျက်ရန်နှင့် ကမ္ဘာ့စီးပွားရေးမြှင့်တင်ရန် G20 ဘဏ္ဍာရေးဝန်ကြီးများ ကတိပြု

ကိုရိုနာဗိုင်းရပ်စ် ကူးစက်ကပ်ဘေးကို တိုက်ဖျက်ဖို့နဲ့ ကမ္ဘာ့စီးပွားရေးကို အားဖြည့်မြှင့်တင်ဖို့ စီးပွားရေး အင်အားကြီးနိုင်ငံ ၂၀ အုပ်စုဝင် ဘဏ္ဍာရေး ဝန်ကြီးတွေ ဇူလိုင် ၁၈ ရက်က ကတိပြုခဲ့ကြပါတယ်။  စနေနေ့မှာ ကျင်းပတဲ့ အစည်းအဝေးအပြီးမှာ G20 ဘဏ္ဍာရေး ဝန်ကြီးတွေနဲ့ ဗဟိုဘဏ် အရာရှိကြီးတွေဟာ တရားဝင်ကြေညာချက် ထုတ်ပြန်ခဲ့တာဖြစ်ပြီး ခန့်မှန်းချက် အလားအလာက မသေချာမှု မြင့်မားနေတယ်လို့ သူတို့က သတိပေးလိုက်ပါတယ်။ စီးပွားရေးလုပ်ငန်းတွေ ဖြည်းဖြည်းချင်း ပြန်ဖွင့်တာနဲ့အမျှ ကမ္ဘာ့စီးပွားရေး ပြန်နာလန် ထူလာလိမ့်မှာဖြစ်ပေမဲ့ တိုးတက်မှု သေချာစေဖို့ နောက်ထပ် လုပ်ဆောင်ချက်တွေ လိုအပ်တယ်လို့ သူတို့က ပြောပါတယ်။  ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု ဟန့်တားရေး အသွားအလာ ပိတ်ပင်ကန့်သတ်ချက်ဟာ ကမ္ဘာ့ စီးပွားရေးကို အနှောင့်အယှက် ဖြစ်စေပြီး ကမ္ဘာ့အဆင်းရဲဆုံး နိုင်ငံတွေက အဆိုးရွားဆုံး ထိခိုက်ခံ နေရတာပါ။ ကမ္ဘာ့အဆင်းရဲဆုံး ၇၃ နိုင်ငံထဲက ၄၂ နိုင်ငံက အမေရိကန်ဒေါ်လာ ၅.၃ ဘီလီယံဖိုး ပေးချေစရာရှိတဲ့ ငွေတွေအတွက် ၂၀၂၀ နှစ်ကုန်ထိ တရားဝင် ချေးငွေဆပ်မှု ရပ်ဆိုင်းပေးထားဖို့  တောင်းဆိုထားတယ်လို့ G20 ဘဏ္ဍာရေး အရာရှိတွေက ပြောပါတယ်။ G20 ရဲ့ စဦး ဆောင်ရွက်မှုအောက်မှာ ပုဂ္ဂလိက ငွေချေးသူတွေက ဘယ်နိုင်ငံဆီကမှ တရားဝင် အကြွေးဆိုင်းခွင့် တောင်းဆိုချက်ကိုမှ မရသေးဘူးလို့ နိုင်ငံတကာ ဘဏ္ဍာရေးအဖွဲ့ကြီး (IIF) က ဗုဒ္ဓဟူးနေ့မှာ ပြောပါတယ်။ လောလောဆယ် ဆော်ဒီအာရေဗျ နိုင်ငံက G20 ရဲ့ အလှည့်ကျ ဥက္ကဋ္ဌ ဖြစ်ပါတယ်။
10 months Ago

April 9, 2020

ကိုရိုနာကူးစက်ခံထားရသည့် ဗြိတိန်ဝန်ကြီးချုပ် ကျန်းမာရေး တိုးတက်လာ

ဗြိတိန်ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်ရဲ့ ကျန်းမာရေးအခြေအနေ တိုးတက်မှုရှိလာပြီး ဆေးရုံခုတင်ပေါ်မှာ ထိုင်နိုင်ပြီလို့ ဘဏ္ဍာရေးဝန်ကြီး ရီရှီ ဆုနတ်က ဧပြီ  ၈ ရက်မှာ ပြောပါတယ်။   ဒါပေမဲ့ ဝန်ကြီးချုပ် ဂျွန်ဆင်ဟာ အထူးကြပ်မတ်ဆောင်မှာ ၃ ရက် ညမြောက် ဆက် နေရဆဲဖြစ်ပါတယ်။  ဧပြီ ၇ ရက်မှာ ကမ္ဘာ့ခေါင်းဆောင်တွေက ဗြိတိန်ဝန်ကြီးချုပ် အမြန်ဆုံး ပြန်နေကောင်းလာပါစေဆိုတဲ့ သတင်းစကားတွေကို ပေးပို့ခဲ့ပါတယ်။   ဝန်ကြီးချုပ် ဂျွန်ဆင်အတွက် ဆုတောင်းမတ္တာပို့သသူတွေထဲမှာ ပြင်သစ် သမ္မတ မာခွန်း၊ ကနေဒါ ဝန်ကြီးချုပ် ထရူးဒိုးနဲ့ အိန္ဒိယဝန်ကြီးချုပ် မိုဒီတို့ပါဝင်ပါတယ်  ဧပြီ ၈ ရက်နေ့မှာတော့ အမေရိကန် သမ္မတ ထရမ့်က ဗြိတိန်ဝန်ကြီးချုပ်ရဲ့ အခြေအနေ ကောင်းမွန်လာပုံရတယ်လို့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။  ပြီးခဲ့တဲ့ သီတင်းနှစ်ပတ်က ဝန်ကြီးချုပ် ဂျွန်ဆင်မှာ  ကိုရိုနာဗိုင်းရပ်စ် တွေ့ရှိခဲ့ပြီး ဧပြီ ၅ ရက်မှာတော့ လန်ဒန်ရှိ စိန့်သောမတ်ဆေးရုံကို ပို့ဆောင်ခဲ့ပါတယ်။  ဧပြီလ ၆ ရက်နေ့မှာတော့ ဝန်ကြီးချုပ်ရဲ့ အခြေအနေ ပိုဆိုးရွားလာတာမို့ အထူးကြပ်မတ်ကုသဆောင်ဆီ ပြောင်းခဲ့ရပါတယ်။   ဆေးရုံမှာ ဝန်ကြီးချုပ် ဂျွန်ဆင် ကိုရိုနာဗိုင်းရပ်စ်နဲ့ တိုက်ပွဲဝင်နေရချိန်မှာပဲ ဗြိတိန်ဟာ ဗိုင်းရပ်စ်ကြောင့် အသေအပျောက် အများဆုံး ကာလတခုကို ဖြတ်သန်းနေတာပါ။    ဗြိတိန်နိုင်ငံမှာ ဧပြီ ၉ ရက်အထိ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ ၆၀၇၃၃ ဦးနဲ့ သေဆုံးသူ  ၇,၀၉၇ ဦး ရှိပြီလို့ သိရပါတယ်။
1 year Ago
Up