ဘဏ္ဍာရေး

April 24, 2020

ဒေါ်လာ ၄၈၄ ဘီလီယံတန် COVID-19 ဘဏ္ဍာရေး ထောက်ပံ့မှု အမေရိကန်အောက်လွှတ်တော် အတည်ပြု

အမေရိကန်အထက်လွှတ်တော်ကအတည်ပြုပြီး လွှဲပေးထားတဲ့  ဒေါ်လာ ၄၈၄ ဘီလီယံ တန်ဖိုးရှိ COVID-19 ဘဏ္ဍာရေးထောက်ပံ့မှုအစီအစဉ်ကို အောက်လွှတ်တော်က ဧပြီ ၂၃ မှာ ထပ်မံ အတည်ပြု ပေးလိုက်တာမို့  သမ္မတက လက်မှတ်ရေးထိုးပေးဖို့ ကျန်ပါတော့တယ်။  ဒီမိုကရတ်အမတ်တွေ ဦးဆောင်ထားတဲ့ အောက်လွှတ်တော်မှာ စတုတ္ထအကြိမ်မြောက် ဘဏ္ဍာရေးကယ်ဆယ်မှု အစီအစဉ်ဖြစ်တဲ့ ဒီဥပဒေကြမ်းကို ထောက်ခံမဲ ၃၈၈ ကန့်ကွက် မဲ ၅ မဲနဲ့ အများစုက အတည်ပြုပေးခဲ့တာပါ။  ဒါ့ကြောင့် စုစုပေါင်းအတည်ပြုပြီး ဘဏ္ဍာရေးကယ်ဆယ်ရေးအစီအစဉ်လေးခုရဲ့ တန်ဖိုးက ဒေါ်လာ ၃ ထရီလီယံနီးပါးအထိ ရှိလာပြီဖြစ်ပါတယ်။  အခု ဘဏ္ဍာရေးကယ်ဆယ်မှု အစီအစဉ်မှာတော့ ကပ်ဘေးကြောင့် ရုန်းကန်နေရတဲ့ စီးပွားရေးလုပ်ငန်းငယ်လေးတွေနဲ့ ဆေးရုံတွေကို ကူညီသွားဖို့ လျာထားတယ်ဆိုပါတယ်။  လုပ်ငန်းငယ်လေးတွေကို ချေးငွေအစီအစဉ်နဲ့ ထုတ်ချေးပေးဖို့ ဒေါ်လာ ၃၁၀ ဘီလီယံဖြစ်ပြီး ဆေးရုံတွေက ဒေါ်လာ ၂၅ ဘီလီယံရပါမယ်။  ၂၅ ဘီလီယံကတော့ COVID-19 စစ်ဆေးမှုတွေအတွက် သုံးမယ်လို့ ရိုက်တာ သတင်းက ရေးပါတယ်။
1 year Ago

April 16, 2020

အဆင်းရဲဆုံးနိုင်ငံများကို ဘဏ္ဍာရေးအကူအညီ ၃ ဆတိုးရန် IMF စီစဉ်

နိုင်ငံတကာငွေကြေးရံပုံငွေအဖွဲ့ IMFဟာ အဆင်းရဲဆုံးနိုင်ငံတွေကို ဘဏ္ဍာရေး လိုက်လျောကူညီမှု သုံးဆတိုးဖို့ ရှိသမျှ ရင်းမြစ်တွေ အားလုံးကို ထိထိရောက်ရောက် အသုံးချသွားမယ်လို့ IMFရဲ့ စီမံခန့်ခွဲရေး ဒါရိုက်တာ ခရစ်တာလီနာဂျော်ဂျီဗာက  ပြောပါတယ်။ ဆင်းရဲတဲ့နိုင်ငံတွေ အကြွေးဆပ်ရမယ့် အချိန်ကို ဆိုင်းငံ့ပေးတဲ့ ကမ္ဘာ့စီးပွားရေး အင်အားကြီးနိုင်ငံ ၂၀အဖွဲ့ G20 ရဲ့ ကြွေးမြီသက်သာခွင့် ပြုရေး သဘောတူညီချက်အသစ်နဲ့ ကမ္ဘာ့ဘဏ် အကြီးအကဲတို့ကိုလည်း သူက ချီးကျူးပါတယ်။  ဆင်းရဲတဲ့နိုင်ငံတွေအတွက် ဆင်းရဲမွဲတေမှုလျော့ချရေးနဲ့ ကြီးပွားတိုးတက်မှုအတွက် ယုံမှတ်အပ်နှံငွေအတွက် ရင်းမြစ်သစ် အနေနဲ့ အမေရိကန် ဒေါ်လာ ၁၈ဘီလီယံ အမြန်ရရေး IMF က ကြိုးစားနေတယ်လို့ သူက G20 ခေါင်းဆောင်များ အစည်းအဝေး ကြေညာချက်ထဲမှာ ပြောထားပါတယ်။ ဒီလုပ်ဆောင်ချက်တွေဟာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ကပ်ဘေးကြောင့် ကမ္ဘာ့စီးပွားရေး အနက်ရှိုင်းဆုံး ထိုးကျနေချိန်မှာ ကမ္ဘာ့စီးပွားရေးကို ပြန်တက်လာအောင် လှုံ့ဆော်ဖို့ အားထုတ်မှု တွေရဲ့ အစိတ်အပိုင်း ဖြစ်တယ်လို့လည်း ရိုက်တာသတင်းဌာနက ရေးပါတယ်။ 
1 year Ago
Up