ဘဏ္ဍာရန်ပုံငွေ

July 9, 2022

ဘဏ္ဍာရန်ပုံငွေ ဒေါ်လာ ၄၄ သန်းကျော်ထဲက ၆၂ ရာခိုင်နှုန်းကျော်ကို လက်နက်နှင့် စစ်ဆင်ရေးစရိတ် NUG အသုံးပြု

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကာကွယ်ရေးဝန်ကြီးဌာနက ဘဏ္ဍာရန်ပုံငွေ အမေရိကန်ဒေါ်လာ ၄၄ သန်းကျော်ထဲက ၆၂ ဒသမ ၅၇ ရာခိုင်နှုန်းကို လက်နက်၊ ခဲယမ်းနဲ့ စစ်ဆင်ရေးအသုံးစရိတ်အဖြစ် အသုံးပြုခဲ့တယ်လို့ ပြောပါတယ်။

အဆိုပါ ဘဏ္ဍာရန်ပုံငွေတွေကတော့ ၂၀၂၂ ခုနှစ်၊ မေလအထိ စစ်အာဏာရှင်စနစ် အမြန်ဆုံး အမြစ်ဖြတ်နိုင်ဖို့အတွက် မိဘပြည်သူတွေက NUG အစိုးရ ကာကွယ်​ရေးဝန်ကြီးဌာနဆီ တိုက်ရိုက်ထောက်ပံ့​ပေးပို့​ငွေတွေနဲ့ အစိုးရက ရှာဖွေနေတဲ့ ဘဏ္ဍာရန်ပုံငွေပမာဏဖြစ်တယ်လို့ ဆိုပါတယ်။

ဒီ​ငွေ​ကြေးပမာဏဟာ ဝန်ကြီးဌာနကနေ တိုက်ရိုက်ခွဲဝေ အသုံးချနေရတဲ့ ဘဏ္ဏာရန်ပုံ​​ငွေပမာဏလိုအပ်ချက်နဲ့ နှိုင်းယှဥ်မယ်ဆိုရင် ရန်ပုံငွေမြောက်မြားစွာ ထပ်မံလိုအပ်​နေတဲ့အပြင် အခုအချိန်ဟာ ​တော်လှန်​ရေးအတွက် ​ရေချိန်မြင့်တဲ့ကာလကို ​ရောက်​နေပြီဖြစ်တဲ့အတွက် အဓိကကျတဲ့ ရန်ပုံ​ငွေတွေ အချိန်မီဖြည့်တင်းနိုင်ဖို့ မိဘပြည်သူ​တွေအ​နေနဲ့ ​တော်လှန်​ရေး​အောင်စိတ်ထက်သန်စွာနဲ့ ဆက်လက်ပြီး ​ထောက်ပံ့​ပါဝင် ပေးကြဖို့လည်း တိုက်တွန်းထားပါတယ်။

ဇူလိုင် ၉ ရက် ရက်စွဲနဲ့ ထုတ်ပြန်ချက်မှာတော့ အဆိုပါ ဘဏ္ဍာရန်ပုံငွေတွေထဲက ၂၂ ဒသမ ၄၉ ရာခိုင်နှုန်းကို လက်နက်ထုတ်လုပ်မှု၊ ၆ ဒသမ ၀၃ ရာခိုင်နှုန်းကို မဟာမိတ်မျှဝေမှု၊ ၅ ဒသမ ၉၈ ရာခိုင်နှုန်းကို လေ့ကျင့်ရေး စရိတ်၊ ၂ ဒသမ ၄၃ ရာခိုင်နှုန်းကို အရေးပေါ်အသုံးစရိတ်နဲ့ အုပ်ချုပ်စီမံခန့်ခွဲမှုဆိုင်ရာ အသုံးစရိတ်တွေ၊ ၀ ဒသမ ၅၀ ရာခိုင်နှုန်းကိုတော့ ကျဆုံးဒဏ်ရာရ ရဲဘော်ထောက်ပံ့စရိတ်တွေအနေနဲ့ အသီးသီး အသုံးပြုတယ်လို့ ဖော်ပြပါတယ်။

လတ်တလောမှာတော့ အာဏာသိမ်းစစ်အုပ်စုရဲ့ ပြည်သူလူထုအပေါ် အကြမ်းဖက် ဖိနှိပ်ဖမ်းဆီး တိုက်ခိုက်သတ်ဖြတ်နေမှုတွေကို ပြည်သူတရပ်လုံးက အသက်ရှင်သန်ရေးအတွက် ခုခံကာကွယ်ပိုင်ခွင့်အရ ပြည်သူ့ခုခံစစ်ကို ဆင်နွှဲနေကြပြီး နိုင်ငံတဝန်းမှာတော့ မြန်မာပြည်သူတွေဟာ စစ်အာဏာရှင်စနစ် မြန်မာ့မြေပေါ်မှ အပြီးတိုင်ချုပ်ငြိမ်းရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီ တည်ဆောက်ရေးအတွက် ငြိမ်းချမ်းစွာ ဆန္ဒပြတဲ့ လူထု သပိတ်တိုက်ပွဲတွေ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေ အနှံ့အပြား ဖြစ်ပွားနေပါတယ်။

ဒါ့အပြင် NUG အစိုးရ တည်ထောင်ပြီး တနှစ်တာကာလအတွင်းမှာ ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ရင်း၊ တပ်ဖွဲ့ပေါင်း ၂၅၇ ရင်းကို ဖွဲ့စည်းတည်ထောင်နိုင်ခဲ့ပြီးဖြစ်ကာ မြို့နယ်အခြေပြု ပြည်သူ့ကာကွယ် ရေးအဖွဲ့ (ပကဖ) တွေကိုလည်း မြို့နယ်ပေါင်း ၂၅၀ မှာ စနစ်တကျ ဖွဲ့စည်းနိုင်ခဲ့ပြီးဖြစ်တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ဒေသအခြေစိုက် ကာကွယ်ရေးအဖွဲ့တွေ၊ မြို့ပြပြောက်ကျားအဖွဲ့တွေ ၄၀၀ ကျော်နဲ့လည်း ဟန်ချက်ညီစွာ တိုက်ပွဲဖော်ဆောင်ဖို့ ချိတ်ဆက်နိုင်ခဲ့ပြီးဖြစ်တယ်လို့ NUG က ထုတ်ပြန်ထားပါတယ်။

Photo-NUG

9 months Ago

November 7, 2020

ဘဏ္ဍာရန်ပုံငွေဆိုင်ရာ ပွင့်လင်းမြင်သာမှုဆန်းစစ်ခြင်းတွင် ပါတီအချို့ ဖြေကြားရန် ငြင်းဆို

နိုင်ငံရေးပါတီတွေရဲ့ ပွင့်လင်းမြင်သာမှုဆန်းစစ်တာမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ပြည်ခိုင်ဖြိုးပါတီ အပါအဝင် ပါတီအချို့ ပါဝင်ဖြေဆိုတာ မရှိခဲ့ဘူးလို့ အစီရင်ခံတခုက ဆိုပါတယ်။ မြန်မာနိုင်ငံ ပွင့်လင်းမြင်သာမှုနဲ့ တာဝန်ယူမှု တာဝန်ခံမှုဆိုင်ရာ အရပ်ဖက်မဟာမိတ်အဖွဲ့ (MATA)က ပြုလုပ်ခဲ့တဲ့ နိုင်ငံရေးပါတီတွေရဲ့ ဘဏ္ဍာရန်ပုံငွေဆိုင်ရာ ပွင့်လင်းမြင်သာမှု ဆန်းစစ်တာမှာ ပြည်နယ်အခြေစိုက်ပါတီ တော်တော်များများကပဲ ဖြေဆိုခဲ့ကြတာပါ။ လာမယ့်ရွေးကောက်ပွဲမှာ ကိုယ်စားလှယ်လောင်း ၃၀ နဲ့အထက် ဝင်ရောက်ယှဉ်ပြိုင်မယ့် ပါတီ ၂၃ ခုကို ရွေးချယ်ခဲ့ပြီး အွန်လိုင်းနဲ့ တယ်လီဖုန်းကနေ ချိတ်ဆက်မေးမြန်းခဲ့တာဖြစ်ပါတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ၊ တိုင်းရင်းသားစည်းလုံး ညီညွတ်ရေးပါတီ၊ ပြည်ထောင်စု ကောင်းကျိုးဆောင်ပါတီ၊ ရခိုင်အမျိုးသားပါတီ၊ ရခိုင့်ဦးဆောင်ပါတီနဲ့ အမျိုးသားဒီမိုကရေစီ အင်အားစုပါတီတို့ဟာ သုတေသနလုပ်ငန်းစဉ်မှာ မပါနိုင်ဘူးလို့ ငြင်းခဲ့ကြပါတယ်။ ညီညွတ်သော ဒီမိုကရက်တစ်ပါတီ (နှင်းဆီပါတီ) ကတော့ ဖျက်သိမ်းခံခဲ့ရတာကြောင့် မေးမြန်းမယ့် အစီအစဉ်ကို ဖျက်ခဲ့တယ်လို့ MATA ဆိုပါတယ်။ မြန်မာနိုင်ငံ တောင်သူလယ်သမားဖွံ့ဖြိုးတိုးတက်ရေးပါတီနဲ့ အမျိုးသားနိုင်ငံရေး ဒီမိုကရက်တစ်ပါတီ တို့ကတော့ သတ်မှတ် နောက်ဆုံးရက်အထိ အကြောင်းပြန်တာမရှိခဲ့ဘူးလို့ ဆိုပါတယ်။ ဒီအစီရင်ခံစာနဲ့ပတ်သက်ပြီး ပြောခွင့်ရသူတယောက်ဖြစ်တဲ့ ဦးရဲလင်းမြင့်က “ပါတီတိုင်းကို မေးခွန်းတွေ အရင်ပို့ပြီးမှ ဖြေဖို့ ဖိတ်ခေါ်ပါတယ်။ မဖြေဖို့ ငြင်းခဲ့တဲ့အထဲမှာ ပါတီကြီးတွေပါနေတယ်။ သူတို့က ဗဟိုကော်မတီဝင်တွေ မအားသေးတာကြောင့် စသည်ဖြင့် ဖြေဖို့ အဆင်မပြေသေးဘူး ငြင်းခဲ့တာပါ။ ဒီလို (သုတေသန)လုပ်တာကတော့ ကောင်းတယ်လို့ ပြောကြပါတယ်” လို့ ပြောပါတယ်။ ပါဝင် မဖြေခဲ့ပေမယ့် အသေးစိတ် အစီရင်ခံစာမှာတော့ ရွေးချယ်ခဲ့တဲ့ပါတီတွေအားလုံးရဲ့ ပွင့်လင်းမြင်သာမှုကို ဆန်းစစ်ဖော်ပြသွားမယ်လို့ သူက ဆက်ပြောပါတယ်။ ဒါကြောင့် ဒီ သုတေသနစာတမ်းမှာ ကချင်ပြည်နယ် ပြည်သူ့ပါတီ၊ ကယားပြည်နယ် ဒီမိုကရက်တစ် ပါတီ၊ ကရင်ပြည်သူ့ပါတီ၊ ချင်းအမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၊ ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဒီမိုကရေစီပါတီ၊ တအာင်း(ပလောင်) အမျိုးသားပါတီ၊ တိုင်းလိုင် (ရှမ်းနီ) အမျိုးသားများ ဖွံ့ဖြိုး တိုးတက်ရေးပါတီ၊ ဒီမိုကရက်တစ်ပါတီ(မြန်မာ)၊ ပြည်သူ့ပါတီ၊ ပြည်သူ့ရှေ့ဆောင် ပါတီ၊ မွန်ညီညွတ်ရေးပါတီ၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီနဲ့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ်တို့ပဲ ပါဝင်ဖြေဆိုခဲ့ကြပါတယ်။ ဖြေဆိုသူတွေက ဘဏ္ဍာရေးဆိုင်ရာ မူဝါဒ အချက်အလက်တွေကို အခါအားလျော်စွာ ထုတ်ပြန်တာ၊ တောင်းဆိုသူရှိရင်ထုတ်ပြန်တာမျိုးရှိပြီး ပြည်နယ်အခြေစိုက်ပါတီတွေကတော့ သက်ဆိုင်ရာ မဲဆန္ဒနယ်တွေက ပါတီဝင်တွေ၊ ထောက်ခံသူတွေကိုပဲ ရည်ရွယ်ထုတ်ပြန်တာလို့ ဆိုပါတယ်။ ဖြေခဲ့တဲ့ ပါတီအားလုံးက ပါတီပိုင်စီးပွားရေးမရှိကြဘူးလို့ဆိုပြီး ထောက်ခံသူ၊ ပါတီဝင်နဲ့ အလှူရှင်တွေ ထောက်ပံ့တာနဲ့ ရပ်တည်ကြတယ်လို့ ဆိုပါတယ်။ ပြီးတော့ ပါတီအားလုံးဟာ ရွေးကောက်ပွဲ ကြေညာစာတမ်း ကတိကဝတ်တို့ကို အများပြည်သူ ကြည့်နိုင်ဖို့ ထုတ်ပြန်ထားကြတယ်လို့လည်း ဆိုပြီး ကိုယ်စားလှယ်လောင်းတွေရဲ့ ကိုယ်ရေးအချက်တွေကိုတော့ လက်ကမ်းစာစောင်၊ သက်ဆိုင်ရာ ဖေ့စ်ဘွတ်ခ်စာမျက်နှာတို့က တဆင့် ဖြန့်ဝေတယ်လို့ ဆိုပါတယ်။ ပါတီတွေအနေနဲ့ ကိုယ်ပိုင်ဝက်ဘ်ဆိုက်ထူထောင်ဖို့ ဆန္ဒရှိကြပြီး ငွေကြေးနဲ့ လူ့အရင်းအမြစ် အခက်အခဲတွေ ရှိနေတယ်လို့လည်း ဖြေခဲ့ကြပါတယ်။ ဒီစစ်တမ်းကို MATA အဖွဲ့ဝင် အဖွဲ့ ၇ ခုက ဦးဆောင်ပြုလုပ်ခဲ့ကြပြီး အသေးစိတ် အစီရင်ခံစာကိုတော့ လာမယ့် ဒီဇင်ဘာမှာ ထုတ်ပြန်မယ်လို့ ဆိုပါတယ်။ ဒီအစီရင်ခံစာနဲ့ ပတ်သက်ပြီး ပြောခွင့်ရှိသူတယောက် ဖြစ်တဲ့ ဦးသန့်ဇင်က ဖြေခဲ့တာတွေအပေါ် ပြန်ဆန်းစစ်တာကို ဆက်လုပ်နေပြီး အသေးစိတ်အစီရင်ခံစာမှာ ဖော်ပြမယ်လို့ ပြောပါတယ်။
2 years Ago
Up