ဘင်္ဂလားပင်လယ်အော်အရှေ့တောင်ပိုင်း

May 3, 2020

လေဖိအားနည်းရပ်ဝန်း ပိုအားကောင်းလာပြီး နာရီ ၆၀ အတွင်း မုန်တိုင်းငယ်အဖြစ် ရောက်နိုင်

ဒီနေ့မနက် ၆ နာရီခွဲ တိုင်းတာချက်အရ ကပ္ပလီပင်လယ်ပြင်တောင်ပိုင်းနဲ့ ဘင်္ဂလားပင်လယ်အော်အရှေ့တောင်ပိုင်းတို့မှာ ဖြစ်ပေါ်နေတဲ့ လေဖိအားနည်းရပ်ဝန်းဟာ ပိုအားကောင်းလာကာ နောက် နာရီ ၆၀ အတွင်း မုန်တိုင်းငယ်အဖြစ် ရောက်ရှိပြီး မြောက်-အနောက်မြောက်ဘက်ကို တဖြည်းဖြည်းရွေ့လျားနိုင်တယ်လို့ မိုးဇလက ထုတ်ပြန်ပါတယ်။ ဒီနေ့ ညနေအထိ ခန့်မှန်းချက်အရ နေပြည်တော်၊ မကွေးတိုင်း၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်းနဲ့ ရခိုင်ပြည်နယ်တို့မှာ နေရာကွက်ကျား၊ စစ်ကိုင်းတိုင်းအောက်ပိုင်း၊ မန္တလေးတိုင်း၊ တနင်္သာရီတိုင်း၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်တို့မှာ နေရာကျဲကျဲ၊ ကျန်တိုင်းနဲ့ ပြည်နယ်တို့မှာ နေရာစိပ်စိပ် မိုးထစ်ချုန်းရွာမယ်လို့ ဆိုပါတယ်။ နေပြည်တော်၊ ရန်ကုန်မြို့၊ မန္တလေးမြို့တို့နဲ့အနီးတဝိုက်မှာ နေရာကွက်ကျား မိုးထစ်ချုန်းရွာမယ်လို့ ခန့်မှန်းထားပါတယ်။ မြန်မာ့ကမ်းရိုးတန်းတလျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တို့မှာ လှိုင်းအသင့်အတင့်ရှိပြီး လှိုင်းအမြင့် ၆ ပေမှ ၈ ပေခန့် ရှိနိုင်ပါတယ်။ နောက် ၂ ရက်အတွင်းမှာလည်း စစ်ကိုင်းတိုင်းအထက်ပိုင်း၊ တနင်္သာရီတိုင်း၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်တို့မှာ နေရာကျဲကျဲ မိုးဆက်လက် ထစ်ချုန်းရွာမယ်လို့ မိုးဇလက ထုတ်ပြန်ထားပါတယ်။
1 year Ago
Up