ဘင်္ဂလားပင်လယ်အော်

September 26, 2021

မုန်တိုင်းကြောင့် မြန်မာတနိုင်ငံလုံး မိုးရွာမည်

ဘင်္ဂလားပင်လယ်အော်မှာဖြစ်နေတဲ့ မုန်တိုင်းကြောင့် မြန်မာတနိုင်ငံလုံးမှာ မိုးရွာမယ်လို့ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ပါတယ်။

ဒီမနက် ၅ နာရီခွဲအချိန် တိုင်းထွာရရှိတာကို မနက် ၇ နာရီမှာ ထုတ်ပြန်လိုက်တာပါ။ ဘင်္ဂလားပင်လယ်အော် အနောက်မြောက်ပိုင်းနဲ့ ဆက်စပ်နေတဲ့ အနောက်အလယ်ပိုင်းမှာ ဖြစ်နေတဲ့  ဆိုင်ကလုန်းမုန်တိုင်း “ဂူးလက်ပ် (GULAB)”ဟာ အနောက်ဘက်ကို ရွေ့လျားခဲ့ပြီး မြန်မာနိုင်ငံ၊ စစ်တွေမြို့ရဲ့ အနောက်တောင်ဘက် ရေမိုင် ၃၈၀ လောက်၊ ဂွမြို့ရဲ့ အနောက်မြောက်ဘက် ရေမိုင် ၄၆၅ လောက်၊ ဟိုင်းကြီးကျွန်းရဲ့  အနောက်မြောက်ဘက် ရေမိုင် ၄၇၀ လောက် ပင်လယ်ပြင်ကို ဗဟိုပြုနေပါတယ်။

ဒါကြောင့် ဒီညနေအထိ စစ်ကိုင်းတိုင်း အထက်ပိုင်း၊ ကချင်ပြည်နယ်နဲ့ ချင်းပြည်နယ်တို့မှာ နေရာကွက်ကြား၊ ရှမ်းပြည်နယ် မြောက်ပိုင်းမှာ နေရာကျဲကျဲ၊ စစ်ကိုင်းတိုင်းအောက်ပိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ ရှမ်းပြည်နယ် တောင်ပိုင်း၊ အရှေ့ပိုင်းနဲ့ ရခိုင်ပြည်နယ်တို့မှာ နေရာစိပ်စိပ်နဲ့ ကျန် တိုင်းနဲ့ ပြည်နယ်တို့မှာ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာမယ်လို့ ခန့်မှန်းထားပါတယ်။

တနင်္သာရီတိုင်း၊ ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်တို့မှာ ဒေသအလိုက်နဲ့ နေပြည်တော်၊ မကွေးတိုင်း၊ ဧရာဝတီတိုင်းတို့မှာတော့ နေရာကွက်ပြီး မိုးကြီးနိုင်တယ်လို့လည်း ခန့်မှန်း ထုတ်ပြန်ထားပါတယ်။

မြန်မာ့ပင်လယ်ပြင်။ မြန်မာ့ကမ်းရိုးတန်းတလျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တို့မှာ တခါတရံ မိုးသက်လေပြင်းတွေကျလို့ လှိုင်းကြီးနိုင်ပြီး မိုးသက်လေပြင်းကျတုန်း ရေပြင် မြေင်ပြင်လေဟာ တနာရီ မိုင် ၄၀ အထိ တိုက်ခတ်နိုင်တယ်လို့ ဆိုပါတယ်။

မြန်မာ့ကမ်းရိုးတန်းတလျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တို့မှာ လှိုင်းအမြင့် ၉ ပေကနေ ၁၂ ပေလောက် ရှိနိုင်တယ်လို့လည်း ဆိုပါတယ်။

4 months Ago

September 25, 2021

မုန်တိုင်းငယ် မြန်မာနိုင်ငံဘက် ဦးတည်ခြင်းမရှိသဖြင့် အဝါရောင်အဆင့်သတ်မှတ်

ဘင်္ဂလားပင်လယ်အော်မှာ ဖြစ်ပေါ်နေတဲ့ မုန်တိုင်းငယ်ဟာ  မြန်မာနိုင်ငံဘက် ဦးတည်ရွေ့လျားမယ့်  အခြေအနေမရှိတာကြောင့်   အဝါရောင်အဆင့်သတ်မှတ်တယ်လို့ မိုးဇလဌာနက စက်တင်ဘာ ၂၅ ရက် ဒီနေ့မနက် ထုတ်ပြန်ထားပါတယ်။ 

ဒီနေ့မနက် တိုင်းထွာချက်အရ ဘင်္ဂလားပင်လယ်အော်အရှေ့အလယ်ပိုင်းနဲ့ ဆက်စပ်နေတဲ့ ဘင်္ဂလားပင်လယ်အော်အရှေ့မြောက်ပိုင်းမှာ ဖြစ်ပေါ်နေတဲ့ မုန်တိုင်းငယ် (Depression)ဟာ အနောက်ဘက်ကို ရွေ့လျားခဲ့ပြီး၊ မြန်မာနိုင်ငံ၊ စစ်တွေမြို့ရဲ့  အနောက်တောင်ဘက် ရေမိုင် ၁၆၅ မိုင်ခန့်၊ ဂွမြို့ရဲ့ အနောက်-အနောက်မြောက်ဘက် ရေမိုင် ၂၅၀ မိုင်ခန့်၊ ဟိုင်းကြီးကျွန်းရဲ့ အနောက်မြောက်ဘက် ရေမိုင် ၂၈၀ မိုင်ခန့်၊ အိန္ဒိယနိုင်ငံ ပါရာဒစ်ရှ်မြို့ရဲ့ အရှေ့-အရှေ့တောင်ဘက် ရေမိုင် ၂၃၀ မိုင်ခန့်နဲ့ ဂိုလ်ပါပူမြို့ရဲ့  အရှေ့ဘက်ရေမိုင် ၃၁၅ မိုင်ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေတယ်လို့ ဆိုပါတယ်။ 

မုန်တိုင်းငယ်ဟာ ဗဟိုချက်လေဖိအား ၉၉၈ ဟက်တိုပါစကယ်နဲ့ အမြင့်ဆုံးလေတိုက်နှုန်းမှာ တစ်နာရီကို မိုင် ၄၀ နှုန်းခန့် ဖြစ်ပြီး နောက် ၁၂ နာရီအတွင်း အားကောင်းသော မုန်တိုင်းငယ် (Deep Depression) အဖြစ် ရောက်ရှိနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။

မုန်တိုင်းငယ်ရဲ့အရှိန်ကြောင့် နောက် ၄၈ နာရီအတွင်း နေပြည်တော်၊ စစ်ကိုင်းတိုင်းအောက်ပိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်တို့မှာ နေရာစိပ်စိပ်မှ နေရာအနှံ့အပြားမိုးထစ်ချုန်းရွာပြီး၊ ဒေသအလိုက်နေရာကွက် မိုးကြီးနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။

မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်မှာ ရံဖန်ရံခါမိုးသက်လေပြင်းများ ကျရောက်ကာ လှိုင်းကြီးမှာဖြစ်ပြီး  မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေဟာ တစ်နာရီကို မိုင် ၄၀ အထိတိုက်ခတ်နိုင်ကာ လှိုင်းအမြင့် ၉ ပေကနေ ၁၂ ပေခန့် ရှိနိုင်တယ်လို့ ဆိုပါတယ်။

အဆိုပါ မုန်တိုင်းငယ်အရှိန်ကြောင့် မိုးရွာသွန်း၊ လေပြင်းတိုက်ခတ်၊ မိုးထစ်ချုန်း၊ မိုးကြိုးပစ်၊ လျှပ်စီးလက်နိုင်လို့ ကြိုတင်သတိပြုနေထိုင်ကြဖို့နဲ့ ပြည်တွင်းလေကြောင်းပျံသန်းရေးနဲ့ ကမ်းလွန်ပင်လယ်ပြင်ရှိ ကမ်းနီး၊ ကမ်းဝေးငါးဖမ်းရေယာဉ်တွေ၊ သင်္ဘောတွေ သတိပြုကြဖို့ မိုးဇလက အသိပေးနှိုးဆော်ထားပါတယ်။

4 months Ago
More News
Up