ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင်း ရှီးယိုက်ဗလီတခုမှာ နိုဝင်ဘာ ၂၆ ရက်နေ့ ဝတ်ပြုဆုတောင်းနေတုန်း သေနတ်သမားတွေက ပစ်ခတ် တိုက်ခိုက်ခဲ့ပါတယ်။
ဒီတိုက်ခိုက်မှုကြောင့် လူ ၁ ဦး သေဆုံးပြီး ၃ ဦး ဒဏ်ရာရပါတယ်။ ဒါဟာ နိုင်ငံတွင်း လူနည်းစု ရှီးယိုက် မွတ်စလင်တွေအပေါ် တလအတွင်း ဒုတိယမြောက် တိုက်ခိုက်မှုလည်း ဖြစ်ပါတယ်။
တိုက်ခိုက်သူတွေက ဗလီထဲ ဝင်လာခဲ့ပြီး ပင်မတံခါးကို သော့ခတ်အပြီးမှာ ဝတ်ပြုဆုတောင်းနေတဲ့ သူတွေကို ပစ်ခတ်ခဲ့တယ်၊ အဲဒီနောက် ချက်ချင်း ထွက်ပြေးခဲ့တယ်လို့ ရဲတွေနဲ့ မျက်မြင်သက်သေတွေက ပြောပါတယ်။
မွတ်စလင်အများစု နေတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ လတ်တလောလတွေအတွင်း အစ္စလာမ္မစ် အကြမ်းဖက်မှုတွေ တိုးလာပါတယ်။
ဒီနှစ်ထဲမှာ နိုင်ငံခြားသား ၂ ယောက်၊ လောကီသီးသန့်ဝါဒီ စာရေးဆရာ ၄ ဦးနဲ့ ထုတ်ဝေသူ ၁ ဦး အသတ်ခံခဲ့ရ ပြီးပါပြီ။
နိုင်ငံမြောက်ပိုင်းမှာ ခရစ်ယာန် သင်းအုပ်ဆရာ တဒါဇင်လောက်ကို သတ်မယ်ဆိုတဲ့ ခြိမ်းခြောက်စာလည်း ရထားပြီး သာသနာပြုအဖြစ် အလုပ်လုပ်နေတဲ့ အီတလီ ဆရာဝန် တဦးလည်း သေနတ်နဲ့ ပစ်ခံရတာကြောင့် ဒဏ်ရာရတယ်လို့ ရဲက ပြောပါတယ်။
အောက်တိုဘာ ၂၄ ရက်က မြို့တော် ဒါကာက ရှီးယိုက်ဗလီကို ဗုံးခွဲမှုကို အစ္စလာမ္မစ် နိုင်ငံတော် အမည်ခံ အိုင်အက်စ်တွေက သူတို့ လုပ်တာလို့ အခိုင်အမာ ပြောပါတယ်။ အစိုးရကတော့ အိုင်အက်စ်တွေရဲ့ ပြောဆိုချက်ကို ပယ်ချပါတယ်။
7 years Ago