ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်း ဒုက္ခသည်စခန်းထဲက လူသတ်မှုတွေကြောင့် ဒုက္ခသည်တွေ ကြောက်လန့်နေပါတယ်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံ စစ်တကောင်းခရိုင် ကောက်ဘဇားမြို့က ကုတုပါလောင် ဒုက္ခသည်စခန်းမှာ တလအတွင်း လည်လှီးသတ်ဖြတ်ခံရတဲ့ အမျိုးသား ၂ ဦး အလောင်းကို ရှေ့ဆင့် နောက်ဆင့် တွေ့ခဲ့တာပါ။
ဇွန်လ ၂၉ ရက်နေ့ကလည်း ရိုဟင်ဂျာခေါင်းဆောင် ဆိုသူဟာ စခန်းတွင်း သူ့အိမ်နားမှာပဲ ဓားနဲ့အထိုးခံခဲ့ရပါတယ်။
အယ်လ်ယာခင် အုပ်စုဝင်တွေနဲ့ တခြားခေါင်းဆောင်တွေက ဒီရာဇဝတ်မှုမှာ ပါဝင်တယ်၊ သူတို့က ပြန်ပေးဆွဲသတ်ဖြတ်ပြီး အလောင်းကို တူးမြောင်းထဲမှာ စွန့်ပစ်ထားခဲ့တယ်လို့ လည်လှီးသတ်ဖြတ်ခံရတဲ့ မိုဟာမဒ် အာယပ်ဘ်ရဲ့ ဇနီးက ပြောပါတယ်။
ဒေသတွင်းမှာ ဟာရာခါ အယ်လ်ယာခင် စစ်သွေးကြွအုပ်စုက လှုပ်ရှားနေပါတယ်။
အယ်လ်ယာခင်အုပ်စုဟာ နောက်ပိုင်းမှာ သူတို့ကိုယ်သူတို့ အာရကန် ရိုဟင်ဂျာ ကယ်တင်ရေးစစ်တပ်လို့ နာမည်ကြီးလာအောင် ကြိုးစားနေပါတယ်။
ဒီစစ်သွေးကြွအုပ်စုက မြန်မာနယ်ခြားစောင့် ရဲစခန်းတွေကို တိုက်ခိုက်ခဲ့လို့ စစ်တပ်နဲ့ နှိမ်နင်းခဲ့ရတာပါ။
ဒါကြောင့် စစ်တပ်တွေက ရိုဟင်ဂျာ အရပ်သားတွေကို သတ်ဖြတ်တယ်လို့ တန်ပြန် စွပ်စွဲခံခဲ့ရဖူးပါတယ်။
ဒုက္ခသည်တွေကို ခြိမ်းခြောက်ဖို့ ဒီအုပ်စုက တကယ်လုပ်သလား၊ တခြားအုပ်စုက ဒီအုပ်စုနာမည်ကို သုံးပြီး လုပ်သလားဆိုတာ ရှင်းရှင်းလင်းလင်း မသိရသေးဘူးလို့ ဘင်္ဂလားဒေ့ရှ် ရဲတွေက ပြောပါတယ်။
ညဘက်မှာ စခန်းတွေရှိရာ မှောင်နေတဲ့ လမ်းတွေပေါ်မှာ မျက်နှာဖုံးစွပ်ယောက်ျားတွေ သောင်းကျန်းနေတယ်လို့ ဒုက္ခသည်တွေက အစီရင်ခံပါတယ်။
နှစ် ၃၀ နီးပါးအတွင်း ဒီဖြစ်ရပ်ဟာ အဆိုးဆုံး အကြမ်းဖက်မှုပဲလို့ အကူအညီပေးရေး လုပ်သားတွေနဲ့ ကာလကြာရှည်နေခဲ့တဲ့ ဒေသခံတွေက ပြောပါတယ်။
မြို့တော် ဒါကာရဲ့ အရှေ့တောင်ဘက် မိုင် ၂၅၀ အကွာက ကုတုပါလောင် စခန်းတွေထဲမှာ လူဦးရေ ၈ သောင်း ၆ ထောင်လောက် နေတယ်လို့ ဘင်္ဂလားဒေ့ရှ်အစိုးရ စာရင်းအင်းတွေက ဆိုပါတယ်။
လူ ၂ ဦးကို ပြန်ပေးဆွဲသတ်ဖြတ်မှုနဲ့ ပတ်သက်ပြီး သံသယရှိသူတွေကို ဖမ်းဆီးပြီးပါပြီ၊ ညဘက်တွေမှာ ဘေးကင်းရေး သေချာစေဖို့ ကင်းလှည့်တာ ပိုတိုးထားတယ်လို့ ရဲတွေက ပြောပါတယ်။
ပြစ်မှုကျူးလွန်သူတွေရဲ့ ရည်ရွယ်ချက်ကို ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။
ရဲတွေကတော့ စခန်းတွေကို ထိန်းချုပ်နိုင်ရေး နယ်မြေလုပြီး အချင်းချင်းရန်ဖြစ်တာ ဖြစ်နိုင်တယ်လို့ ပြောပါတယ်။
6 years Ago