ဘင်္ဂလားဒေ့ရှ်ဘက်ထွက်ပြေးသူများကို ပစ်သတ်ခဲ့သည်ဆိုသည့်သတင်း မဟုတ်မှန်ကြောင်း အစိုးရငြင်းဆို

December 28, 2017

ဘင်္ဂလားဒေ့ရှ်ဘက်ထွက်ပြေးသူများကို ဇန်နဝါရီ ၂၂ ရက်တွင်  ပြန်လက်ခံရန်စီစဉ်နေ

   ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် နေရပ်စွန့်ခွာထွက်ပြေးသွားကြသူတွေကို ၂၀၁၈ ဇန်နဝါရီ ၂၂ ရက် မှာ ပြန်လည်လက်ခံဖို့ စီစဉ်နေတယ်လို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာ ချထားရေး ဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ပြောပါတယ်။    ဒီဇင်ဘာ ၂၇ရက်က ၀န်ကြီးနဲ့  မြန်မာနိုင်ငံလူ့အခွင့်အရေးကော်မရှင်တို့ နေပြည်တော်မှာ တွေ့ဆုံတုန်း ပြောခဲ့တာဖြစ်ပြီး ပထမဆုံးအသုတ်အဖြစ် ဘင်္ဂလားဒေ့ရှ်ဘက်ရောက်ရှိသွားတဲ့ ဟိန္ဒူလူမျိုး  ၄၅၀ ကျော် ပြန်လည်လက်ခံမယ်လို့လည်း ပြောပါတယ်။ ကုန်းလမ်းက ပြန်လည်ဝင်ရောက်လာသူတွေကို တောင်ပြိုလက်ဝဲ၊ ရေလမ်းက ပြန်လည်ဝင်ရောက်လာ သူတွေကို  ငါးခူရစတဲ့  ရေးစခန်း ၂ ခု မှာ ပြန်လည်လက်ခံသွားမှာ ဖြစ်ပါတယ်။ ပြန်လည်ဝင်ရောက်လာမယ့်သူတွေအတွက်အစိုးရဆောင်ရွက်ထားတဲ့  အစီအစဉ်တွေကို ပွင့်လင်းမြင်သာစွာ သတင်းဖြန့်ဖို့  မြန်မာနိုင်ငံလူ့အခွင့် အရေးကော်မရှင်ဥက္ကဋ္ဌက တိုက်တွန်း ပြောခဲ့တယ်လို့  အစိုးရသတင်းမှာ ဖော်ပြပါတယ်။ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင် အဖွဲ့ဝင်တွေဟာ  ရခိုင်ပြည်နယ်၊ မောင်တောဒေသကို  ဒီဇင်ဘာ ၁၁ ရက်ကနေ  ၁၅ ရက်အတွင်း သွားရောက် လေ့လာခဲ့ပြီး ကော်မရှင်ရဲ့ တွေ့ရှိချက် အစီရင်ခံစာကို နိုင်ငံတော်သမ္မတ ထံတင်ပြထားပါတယ်။ ရခိုင်ပြည်နယ်၊မောင်တောခရိုင်အတွင်းသြဂုတ် ၂၅ရက်က ARSA အကြမ်းဖက်အုပ်စုရဲ့ တိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့ပြီးနောက် ဘင်္ဂါလီ ၆သိန်းကျော် ဘင်္ဂလားဒေ့ရှ်ဘက် ထွက်ပြေးသွားကြတယ်လို့ ကုလသမဂ္ဂက သတင်းထုတ်ပြန်ထားပါတယ်။
5 years Ago

November 18, 2016

ဘင်္ဂလားဒေ့ရှ်ဘက်ထွက်ပြေးသူများကို ပစ်သတ်ခဲ့သည်ဆိုသည့်သတင်း မဟုတ်မှန်ကြောင်း အစိုးရငြင်းဆို

ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို ထွက်ပြေးဖို့ ကြိုးပမ်းသူတွေကို မြန်မာ့တပ်မတော်က ပစ်ခတ် သတ်ဖြတ်ခဲ့တယ်ဆိုတဲ့ သတင်းတွေဟာ လုံးဝမဟုတ်မှန်ကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေးကော်မတီက ဒီကနေ့ ထုတ်ပြန်ပါတယ်။ ရိုက်တာသတင်းဌာနရဲ့ နိုဝင်ဘာ ၁၆ ရက်နေ့ သတင်းတပုဒ်မှာ ဘင်္ဂလားဒေ့ရှ်သို့ ထွက်ပြေးရန်ကြိုးပမ်းသူ ၇၂ ဦးကို မြန်မာ့တပ်မတော်က ပစ်သတ်ခဲ့တယ်လို့ သတင်းဖော်ပြခဲ့တာနဲ့ ပတ်သက်ပြီး အစိုးရက ပြန်လည်တုံ့ပြန်လိုက်တာပါ။ ဒါ့အပြင် နတ်မြစ်ကို ဖြတ်ကျော်ပြီး မြန်မာနိုင်ငံဘက်ခြမ်းမှ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ခြမ်းသို့ ထွက်ပြေးသူ ၂၀၀ လောက်ကို ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်က ဖမ်းဆီး ပြန်ပို့လိုက်တယ်ဆိုတဲ့ သတင်းတွေဟာလည်း မှန်ကန်မှုမရှိဘူးလို့ ဆိုပါတယ်။ ဒီကိစ္စနဲ့ပတ်သက်လို့ ဘင်္ဂလားဒေ့ရှ် အမှတ် ၂ ဘီဂျီဘီတပ်ရင်းမှူး အာဘူဝေဟာဇာဟိရ်နဲ့ အမှတ် ၃၄ ဘီဂျီဘီ ဒု-တပ်ရင်းမှူး မိုဟာမတ်အာဟူလ်နိုင်းတို့အား စကားပြန်မှတဆင့် မြန်မာနယ်ခြားစောင့်ရဲတပ်ဖွဲ့က ဆက်သွယ်မေးမြန်းခဲ့ရာမှာ သတင်းတွေ ထွက်ပေါ်နေတာကို ကြားသိရပေမယ့် မြေပြင်မှာ အမှန်တကယ် ဖြစ်ပွားခဲ့ခြင်းမရှိကြောင်း ပြန်လည်ဖြေကြားခဲ့တယ်လို့ ဆိုပါတယ်။ ရခိုင်ပြည်နယ် မောင်တောမြို့နယ်ထဲက သက်ကိုင်ညာ၊ ၀က်ပြင်နဲ့ ပွင့်ဖြူချောင်းကျေးရွာတွေမှာ နိုဝင်ဘာ ၁၇ ရက်မနက်က နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်တွေက ၀င်ရောက်ရှင်းလင်းစဉ် မသင်္ကာဖွယ်ရာ ရွာသား ၁၄ ယောက်ကို ဖမ်းဆီးရမိခဲ့တယ်လို့လည်း သတင်းထုတ်ပြန်ထားပါတယ်။ ဒါ့အပြင် နိုဝင်ဘာ ၁၂ ရက်က ပွင့်ဖြူချောင်းကျေးရွာမှာ ဖမ်းဆီးမိခဲ့သူတဦးကို စစ်ဆေးမေးမြန်းချက်အရ ရွာသားတွေကို အကြမ်းဖက်တိုက်ခိုက်သူတွေက အကြမ်းဖက်သင်တန်းမတက်ရင် လည်လှီးမယ်လို့ ခြိမ်းခြောက်စည်းရုံးပြီး  လုံခြုံရေးတပ်ဖွဲ့ဝင်တွေကို အတင်းအကျပ် တိုက်ခိုက်ခိုင်းခဲ့တာဖြစ်တယ်လို့ ထွက်ဆိုခဲ့ကြောင်းလည်း နိုင်ငံတော်အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေးကော်မတီက ထုတ်ပြန်ထားပါတယ်။
6 years Ago
Up