ဘင်္ဂလားဒေ့ရှ်ဘက်က ဒုက္ခသည်များပြန်ပို့ရန် ရက်ရွှေ့ဆိုင်း

January 23, 2018

ဘင်္ဂလားဒေ့ရှ်ဘက်က ဒုက္ခသည်များပြန်ပို့ရန် ရက်ရွှေ့ဆိုင်း

  ဘင်္ဂလား​ဒေ့ရှ်နိုင်ငံဘက်ထွက်ပြေးသွားတဲ့ ဒုက္ခသည်​​တွေကို မြန်​မာနိုင်ငံဘက်က ပြန်လက်​ခံဖို့ အဆင်​သင့် ဖြစ်​​နေ​ပေမယ့် ဘင်္ဂလားဒေ့ရှ်ဘက်က ဒုက္ခသည်​ပြန်ပို့ဖို့ ရက်ရွှေ့ဆိုင်း လိုက်တယ်လို့  လူကယ်​ပြန်​ဌာနက ညွန်​ကြား​ရေးမှူးက ​ပြောပါတယ်​။ “ဟိုက်​ဘက်​​က ​ရွှေ့လိုက်​တာ။ ဒီဘက်​က​တော့ ​ရွှေ့မယ့်အ​ကြောင်း မ​ပြောဘူး။ လာရင်​​တော့ လက်​ခံသွားဖို့ ​ပြောတယ်​။ ဟိုဘက်​ပို့မယ့်စာရင်းက​တော့ မရ​သေးဘူး”လို့ လူကယ်​ပြန်​ဌာန ညွန်​ကြား​ရေးမှူး ​ဒေါက်​တာ​အောင်​သူရိန်​က ဒီဗွီဘီကို​ပြောပါတယ်​။ ဒုက္ခသည်​​တွေ ပြန်လည်လက်ခံရေးအတွက် စခန်းနှစ်ခုဖြစ်တဲ့တောင်ပြိုလက်ဝဲစခန်းနဲ့ ငါးခူရစခန်းတို့ကို ဒီက​နေ့ မနက်က စတင်ဖွင့်လှစ်လိုက်ပေမယ့် အခုအချိန်​ထိ တ​ယောက်​မှ လက်​ခံရရှိထားတာ မရှိသေးဘူးလို့လည်းဆိုပါတယ်​။ “ဒီ​နေ့တ​ယောက်​မှ မ​ရောက်​​သေးဘူးခင်​ဗျ။ ကျ​နော်​တို့ဘက်​လက်​ခံဖို့ အဆင့်သင့်ပါပဲ။ ဟိုဘက်​က​တော့ကျ​နော်​တို့ဘက်​ကို ဘာမှ အ​ကြောင်းပြန်​တာ မရှိ​သေးပါဘူး။ ဒီက​နေ့အချိန်​အထိ တ​ယောက်​မှ ​ရောက်​မလာ​သေးဘူး။ ည​နေပိုင်းအထိ​ပေါ့​နော်”လို့ ဒီဗွီဘီကို​ပြောပါတယ်​။ ဘင်္ဂလား​ဒေ့ရှ်နိုင်ငံဘက်ကတော့  ဒုက္ခသည်​​တွေ မြန်​မာပြည်​ဘက်​ကိုပြန်​ပို့ဖို့ အဆင်​သင့် မဖြစ်​ဘူးလို့ သတင်း​တွေထွက်​​ပေါ်​နေ​ပေမယ့် မြန်​မာဘက်​က​တော့ တရားဝင်​ အ​ကြောင်း​စာ မရရှိ​သေးတဲ့ အတွက်​ သ​ဘောတူ​ညီချက်​အရ ဆက်​လက်​​ဆောင်​ရွက်​သွားမယ်​လို့ ပြောထား ပါတယ်​။ ပြီးခဲ့တဲ့နှစ်သြဂုတ်လက ARSA အကြမ်းဖက်သမားတွေရဲ့ တိုက်ခိုက်မှုဖြစ်ပွားပြီးနောက် ရခိုင်ပြည်နယ်တောင်ပိုင်းဒေသကနေ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို သိန်းနဲ့ချီတဲ့ ဒုက္ခသည်တွေ အကြောင်းအမျိုးမျိုးကြောင့် နေရပ်စွန့်ခွာထွက်ပြေးသွားခဲ့ကြတာဖြစ်ပါတယ်။ နေရပ်စွန့်ခွာသွားသူတွေ ပြန်လည်လက်ခံရေးလုပ်ငန်းစဉ်ကို ဇန်န၀ါရီ ၂၃ ရက်မှာ  စတင်ဆောင်ရွက်ဖို့ ဇန်န၀ါရီ ၁၅ရက်က နေပြည်တော်မှာ နှစ်နိုင်ငံဆွေးနွေး သဘောတူညီခဲ့ကြတာဖြစ်ပါတယ်။
3 years Ago
Up