ဘင်္ဂလားဒေ့ရှ်တွင် ပထမဆုံး မားစ်ဗိုင်းရပ်စ်ရောဂါ တွေ့ရှိဟု အစိုးရပြော

June 22, 2015

မားစ်ရောဂါထိန်းချုပ်ရေး ယူအေအီးတွင် တိကျသည့် အစီအစဉ်ဖြင့် ဆောင်ရွက်

အာရတ် စော်ဘွားများနိုင်ငံ (ယူအေအီး) မှာ ၂၀၁၃ ခုနှစ်က မားရောဂါကူးစက်သူ တယောက်ကို တွေ့ခဲ့ရပြီး ကျန်ခဲ့တဲ့ ၂ နှစ်အတွင်း ဆိုးဆိုးရွားရွား ကူးစက်ပျံ့နှံ့ခြင်း မရှိခဲ့ပေမယ့် မားစ်ရောဂါ ထိန်းချုပ်ရေးအတွက် တိကျတဲ့ အစီအစဉ်တွေနဲ့ ဆောင်ရွက်နေပါတယ်လို့ ယူအေအီး ကျန်းမာရေးဝန်ကြီးဌာနက ပြောပါတယ်။ ဒါပေမယ့် အရင်တပတ်က မားစ်ရောဂါ ကူးစက်ခံရသူ ၂ ယောက်ကို ထပ်မံ တွေ့ရှိခဲ့ရပြီး ဇွန် ၁၈ ရက်နေ့က လူနာတယောက် သေဆုံးခဲ့ကာ နောက်တယောက်ကတော့ တည်ငြိမ်တဲ့ အခြေအနေမှာ ရှိနေကြောင်း မားစ်ရောဂါ စတင်တွေ့ရှိတဲ့ ၂၀၁၃ မတ်လကစလို့ ရေတွက်ရင် ကူးစက်သူ ၇၅ ယောက်နဲ့ သေဆုံးသူ ၁၂ ယောက် ရှိကြောင်းလည်း ဆိုပါတယ်။ ယူအေအီး ကျန်းမာရေးဝန်ကြီးဌာန လက်အောက်ခံ နိုင်ငံတကာ ကျန်းမာရေးဌာနက ဒေါက်တာ ဖာတီမာ အယ် အတ်တာက ရောဂါအခြေအနေကို ရှင်းပြပါတယ်။ “အခုအထိတော့ ယူအေအီးမှာ ဆိုးဆိုးရွားရွား  ကပ်ဘေးအသွင်မဆောင်ပါဘူး။ ရံဖန်ရံခါ ပေါ်ပေါက်တဲ့ သဘောမျိုးပါပဲ။ ထိန်းချုပ်ထားနိုင်တဲ့ အခြေအနေလည်း ရှိပါတယ်။ အရေးပေါ် စီမံကိန်းလည်း ချမှတ်ထားပါတယ်။ အဆင့်မြင့် ကော်မတီတရပ်လည်း ဖွဲ့စည်းထားပါတယ်။ ကော်မတီရဲ့ လက်အောက်မှာ ကော်မတီခွဲတွေ ရှိတယ်။ ပြည်သူတွေနဲ့ ပူးပေါင်းပြီးတော့ ရောဂါကူးစက်မှု မရှိအောင် ပူးပေါင်းဆောင်ရွက်နေပါတယ်။ လူတယောက်မှာ မားစ်ရောဂါ လက္ခဏာ တွေ့ရတယ်လို့ ယူဆရင် အတည်မပြုနိုင်သေးပေမယ့် ဥပမာ ကိုယ်အပူချိန် ၃၈ ဒီဂရီ လောက်ဆိုရင် ကျမတို့ကတော့ လူနာကို သီးသန့်ခွဲထားလိုက်ပါတယ်။” တချို့ မားစ်လူနာတွေဟာ ကုလားအုတ်တွေနဲ့ နီးနီးကပ်ကပ် နေထိုင်သူတွေဖြစ်ပြီး အိုမန်က လူနာတယောက်က သူဟာ ကုလားအုတ်နို့ကို သောက်ခဲ့တယ်လို့ ပြောခဲ့ပါတယ်။ ဒါပေမယ့် ဒေါက်တာ အယ် အတ်တာကတော့ ကုလားအုတ်ကနေ လူဆီကို မားစ်ရောဂါ ကူးစက်တယ်ဆိုတဲ့ ခိုင်မာတဲ့ သက်သေအထောက်ထား မတွေ့ရဘူးလို့ ပြောပါတယ်။ ဒါပေမ့ယ် လူတွေအနေနဲ့ ကုလားအုတ်နို့ကို မသောက်ဖို့နဲ့ ကုလားအုတ်အသားကို အစိမ်းမစားဖို့ သတိပေးပါတယ်။ တချို့လူတွေက ကုလားအုတ်တွေနဲ့ ပတ်သက်မှုလည်း မရှိပါဘူး။ ဒါကြောင့် မားစ်ဗိုင်းရပ်နဲ့ ကုလားအုတ် ဘယ်လိုပတ်သက်သလဲ၊ လူဆီကို ဘယ်လိုကူးသလဲ၊ တခြား ဘယ်လိုနည်းနဲ့ ကူးသလဲဆိုတာကို မသိနိုင်သေးပါဘူး။ မားစ်ရောဂါနဲ့ ပတ်သက်လို့ ပြည်သူတွေကြားမှာ အထိတ်တလန့်မဖြစ်ဖို့  ရောဂါအကြောင်းနဲ့ ကူးစက်မခံရအောင် ဘယ်လိုနေထိုင်ရမလဲဆိုတဲ့ နည်းနာတွေကိုလည်း  ယူအေအီး ကျန်းမာရေးဝန်ကြီးဌာနက ပညာပေးနေပါတယ်။
6 years Ago

ထိုင်းနိုင်ငံတွင် မားစ်ရောဂါ ထပ်မံကူးစက်သူ မရှိဟု ကျန်းမာရေးဝန်ကြီးပြော

ထိုင်းနိုင်ငံမှာ မားစ်ရောဂါ ကူးစက်သူ ထပ်မတိုးသေးဘူးလို့ ထိုင်းကျန်းမာရေးဝန်ကြီးက ဇွန် ၂၁ ရက်နေ့က ပြောပါတယ်။ အရှေ့အလယ်ပိုင်းဒေသကတဆင့် ကူးစက် ပြန့်ပွားလာတဲ့ မားစ်ရောဂါ ကူးစက်သူ တဦးကို ထိုင်းနိုင်ငံမှာ အရင်တပတ်က စတင်တွေ့ရှိခဲ့ရပြီး ၁၇၅ ယောက်ကို သံသယနဲ့ စောင့်ကြည့်နေပါတယ်။ အသက် ၇၅ နှစ်အရွယ် အိုမန်နိုင်ငံက အမျိုးသားတယောက်ဟာ ထိုင်းနိုင်ငံမှာ နှလုံးရောဂါကုသဖို့ ရောက်လာချိန် မားစ်ရောဂါ ရှိနေတာကို တွေ့ရှိခဲ့ရတာပါ။ ဘမ်ရက်စနာ ဒူရာ ဆေးရုံမှာ တခန်းစီခွဲပြီး  စောင့်ကြည့်နေတဲ့ အဲဒီအမျိုးသားရဲ့ ဆွေမျိုး ၃ ယောက်ကိုလည်း ရောဂါလက္ခဏာတွေ မတွေ့ရသလို ထိုင်းနိုင်ငံက တခြားဒေသတွေမှာလည်း ရောဂါကူးတာ မရှိဘူးလို့ ထိုင်းကျန်းမာရေးဝန်ကြီးက သုဝဏ္ဏဘူမိ လေဆိပ်မှာ ရှင်းပြပါတယ်။ ရောဂါသည် အမျိုးသားကလည်း အခြေအနေ တိုးတက်လာတယ်၊ အဖျားမရှိဘဲ နှလုံးနဲ့ အဆုတ်လည်း ပုံမှန် အလုပ်လုပ်နေတယ်လို့ ဆိုပါတယ်။ ဇွန် ၂၀ ရက်နေ့ကလည်း ထိုင်းကျန်းမာရေး ၀န်ကြီးဌာနက ကြေညာချက်တစောင် ထုတ်ပြန်ရာမှာ ရောဂါဖြစ်နိုင်တယ်ဆိုတဲ့ သံသယနဲ့ စောင့်ကြည့်နေတဲ့ လူ ၁၇၅ ယောက်နဲ့  အဆက်မသွယ် မပြတ်ရှိနေပြီး သူတို့ကို လူစုလူဝေး နေရာတွေကို မသွားဖို့ ညွှန်ကြားထားတယ်လို့ ဖော်ပြထားပါတယ်။
6 years Ago

June 20, 2015

မားစ်ရောဂါ ကူးစက်သူ ထပ်မတွေ့တော့ဟု တောင်ကိုရီးယား ကြေညာ

တောင်ကိုရီးယားနိုင်ငံမှာ အရှေ့အလယ်ပိုင်း အသက်ရှူလမ်းကြောင်း မားစ်ရောဂါ ကူးစက်သူ နောက်ထပ် မတွေ့ရတော့ဘူးလို့ တောင်ရီးယား ကျန်းမာရေး ၀န်ကြီးဌာနက ဇွန် ၂၀ ရက်နေ့က ကြေညာပါတယ်။ အခုလို ရောဂါသည်အသစ် ထပ်မတိုးတာဟာ ဇွန်လ ၃ ရက်နေ့ နောက်ပိုင်း  ပထမဆုံး ဖြစ်တယ်လို့လည်း ပြောပါတယ်။ နောက်ဆုံး စာရင်းအရ မားစ်ရောဂါကြောင့် သေဆုံးသူ ၂၄ ယောက်၊ ကူးစက်သူ ၁၆၆ ယောက် ရှိတာကြောင့် တောင်ကိုရီးယားဟာ ဆောဒီအာရေးဗီးယား နိုင်ငံပြီးရင် မားစ် ရောဂါ ကူးစက်မှု အဆိုးဆုံး နိုင်ငံ ဖြစ်လာပါတယ်။ လောလောဆယ် လူနာ ၆ ယောက် ဆေးရုံက ဆင်းသွားပြီး ၉၁ ယောက်က အခြေအနေ တည်ငြိမ်နေပြီး ၁၅ ယောက်က မတည်ငြိမ်သေးဘူးလို့ ရောဂါ ကာကွယ်ထိန်းချုပ်ရေးဌာန ညွှန်ကြားရေးမှူး ဂျုံယွန်း ခွန် Jeong Eun-kyeong က ပြောပါတယ်။ တောင်ကိုရီးယားမှာ မားစ်ရောဂါ ကူးစက်သူတွေ အားလုံးဟာ ဆေးရုံဆေးခန်းတွေမှာ ကူးစက်ကြတာ ဖြစ်ပါတယ်။ ရောဂါကူးစက်သူတွေ ထပ်မတိုးဘူး ဆိုပေမယ့် ကြပ်ကြပ်မတ်မတ် ဂရုစိုက်ဖို့တော့ လိုသေးတယ်လို့ ပြောပါတယ်။ မားစ်ရောဂါဟာ အသေအပျောက်များတဲ့ ဆားစ်ရောဂါနဲ့ မျိုးတူ ဖြစ်ပြီး စတင်တွေ့ရှိခဲ့တဲ့ ၂၀၁၂ ကနေ အခုအထိ တကမ္ဘာလုံးမှာ လူ ၄၅၀ ကျော် သေဆုံးခဲ့ပြီး ဖြစ်ပါတယ်။
6 years Ago

မားစ်ရောဂါကို ပြည်သူများ မကြောက်လန့်ရန် ထိုင်းဝန်ကြီးချုပ်ပြော

ထိုင်းနိုင်ငံကို ပထမဆုံး ကူးစက်လာတဲ့ အရှေ့အလယ်ပိုင်း အသက်ရှူလမ်းကြောင်းဆိုင်ရာ မားစ်ရောဂါကို ထိုင်းပြည်သူတွေ မကြောက်လန့်နဲ့ ဒီရောဂါနဲ့ပတ်သက်ပြီး ကိုင်တွယ်ဖြေရှင်းဖို့ အကာင်းဆုံး ပြင်ဆင်ထားတယ်လို့ ဇွန် ၁၉ ရက်နေ့ သတင်းစာရှင်းလင်းပွဲမှာ ၀န်ကြီးချုပ် ပရာယွတ်ချန်အိုချာက ပြောပါတယ်။ ထိုင်းနိုင်ငံတ၀ှမ်းမှာ ဆေးဝါးအဖွဲ့တွေကို ကောင်းကောင်း ပြင်ဆင်ထားပြီး ဒီအခြေအနေကို ကိုင်တွယ်ဖို့ အတွေ့အကြုံတွေ လုံလုံလောက်လောက် ရှိတယ်လို့လည်း ၀န်ကြီးချုပ်က ပြည်သူတွေကို အာမခံ ပြောကြားပါတယ်။ “ဆားစ်ရောဂါနဲ့ ကြက်ငှက်တုပ်ကွေးရောဂါတွေကို ဖြေရှင်းဆောင်ရွက်ခဲ့တုန်းက အတွေ့အကြုံရှိတဲ့ ဆေးရုံ ၆၉ ရုံက အခု မားစ်ရောဂါကိုလည်း ဂရုစိုက် စောင့်ရှောက်ပေးသွားမှာပါ။ သူတို့တွေက ဆေးဝန်ထမ်းတွေနဲ့ ကိရိယာပစ္စည်းတွေ လုံလောက်မှု ရှိ မရှိနဲ့ ကူးစက်ရောဂါအတွက် သီးသန့် ရောဂါခြေချုပ်ထားဖို့ အခန်းတွေ အဆင်သင့် ဖြစ် မဖြစ် စစ်ဆေးသွားမှာပါ။ ကျနော်တို့မှာ အစကတည်းက ဒီလိုနားလည်သဘောပေါက် ပြင်ဆင်ထားတာတွေ ရှိနေလို့ ဒီအချိန်မှာ ရောဂါရှိကြောင်း ဖော်ထုတ်နိုင်တာပါ။” ထိုင်းနိုင်ငံကို ရောက်ရှိလာတဲ့ အသက် ၇၅ နှစ်အရွယ် အိုမန်နိုင်ငံသား စီးပွားရေးသမားတယောက်မှာ မားစ်ဗိုင်းရပ်စ် ကူးစက်ခံထားရတယ် ဆိုတာ ဇွန် ၁၈ ရက် နေ့က ထိုင်းနိုင်ငံရဲ့ ပထမဆုံး မားစ်ရောဂါ တွေ့ရှိမှုအဖြစ် အတည်ပြုထုတ်ပြန်ထားပါတယ်။ “လုံးဝ အထိတ်တလန့် မဖြစ်ကြပါနဲ့။ ကျနော်တို့ ဒါကို ဂရုစိုက် လုပ်ဆောင်နေပါတယ်။ တယောက်ယောက်မှာ ဒီရောဂါနဲ့ပတ်သက်ပြီး သံသယ တစုံတရာ ရှိတယ်ဆိုရင် ဒီဆေးရုံတွေကို ဆက်သွယ်ပါ။ ကျနော်တို့ တယောက်နဲ့တယောက် ကူညီရပါမယ်။ ဂရုစိုက်ကြပါ” လို့ ၀န်ကြီးချုပ်က ပြောပါတယ်။ MERS-case-in-Thailand-ReutersChaiwat-Subprasom-640x480ပြီးခဲ့တဲ့လကစပြီး တောင်ကိုရီးယားနိုင်ငံမှာ ဖြစ်ပွားနေတဲ့ မားစ်ဗိုင်းရပ်စ်ကြောင့် လူပေါင်း ၁၆၆ ယောက် ကူးစက်ခံရပြီး ၂၄ ယောက် သေဆုံးခဲ့ရပါတယ်။ ထိုင်းနိုင်ငံကတော့ ဒီရောဂါနဲ့ ပတ်သက်ပြီး အတည်ပြု ထုတ်ပြန်တဲ့ အာရှတိုက်ရဲ့ ၄ နိုင်ငံမြောက် ဖြစ်ပါတယ်။
6 years Ago
More News
Up