ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ် (WFP) က ဘင်္ဂလားဒေ့ရှ်နိုင်ငံ မြောက်ပိုင်းက ရေဘေးဒဏ်သင့် ပြည်သူ ၂ သိန်း ၇ သောင်း ၅ ထောင်ကျော်ကို အထောက်အပံ့တွေ ပေးသွားမယ်လို့ ဇူလိုင် ၂၄ ရက် ရိုက်တာသတင်းဌာနမှာ ဖြော်ပပါတယ်။
အိမ်တွေ၊ စိုက်ပျိုးမြေတွေ ရေလွှမ်းပျက်စီးခဲ့လို့ အခြေခံလိုအပ်ချက်တွေ ရှိနေတဲ့ လူတွေကို ငွေနဲ့ စားနပ်ရိက္ခာတွေ ပံ့ပိုးပေးသွားမှာပါ။
အိမ်တွေ ၈၀ ကနေ ၉၀ ရာခိုင်နှုန်းအထိ ရေဘေးသင့်ခဲ့တယ်၊ စိုက်ပျိုးမြေတွေ ရေမြုပ်နေတယ်၊ လူတွေကတော့ ကုန်းမြင့်တွေမှာ ပြောင်းနေကြပြီလို့ WFP ရဲ့ ဘင်္ဂလားဒေ့ရှ် အဖွဲ့ဝင် နီဂါ ဒီလ် နာဟာက ပြောပါတယ်။
ရေဘေးအတွက် ချက်ချင်းတုံ့ပြန်မှုအနေနဲ့ WFP ဟာ နိုင်ငံရဲ့ အနောက်မြောက်ပိုင်း ခရိုင်တွေက လူ ၂ သိန်းခွဲကို အာဟာရဘီစကစ် ၃ ရက်စာ ပံ့ပိုးခဲ့ပါတယ်။
ကူရီဂရမ်ခရိုင်က အိမ်ထောင်စု ငါးထောင်ကတော့ အမေရိကန်ဒေါ်လာ ၅၃ ဒေါ်လာနဲ့ ညီမျှတဲ့ ဘင်္ဂလားဒေ့ရှ် တာကာငွေ လေးထောင့်ငါးရာစီ ရခဲ့ကြတာပါ။
မသန်စွမ်းသူတွေ၊ သက်ကြီးနိုင်ငံသားတွေနဲ့ အိမ်ထောင်ကွဲ အမျိုးသမီးတွေ ဦးဆောင်တဲ့ အိမ်ထောင်စုတွေကို ဦးစားပေးပြီး ငွေထောက်ပံ့ခဲ့တယ်လို့ ရိုက်တာသတင်းဌာနက ရေးပါတယ်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ ၆၄ ခရိုင်ထဲက ခရိုင် ၂၀ မှာ လူ ၂ ဒသမ ၃ သန်းဟာ ရေဘေးသင့်နေတယ်လို့ ဘင်္ဂလားဒေ့ရှ် ကပ်ဘေးစီမံရေးနဲ့ လျော့ပါးသက်သာရေး ဝန်ကြီးဌာနက ကြေညာပါတယ်။
WFP ဟာ အစိုးရနဲ့ညှိနှိုင်းပြီး ရေဘေးကို အနီးကပ် စောင့်ကြည့်နေပါတယ်။ အခြေအနေ ယိုယွင်းလာရင် ကူညီဖို့ အဆင်သင့်ရှိနေတယ်လို့လည်း ရိုက်တာသတင်းဌာနက ထုတ်ပြန်ပါတယ်။
3 years Ago