ဘင်္ဂလားပင်လယ်အော်တွင် ၂၄ နာရီအတွင်း မုန်တိုင်းငယ် ဖြစ်ပေါ်နိုင်

July 2, 2019

ဘင်္ဂလားပင်လယ်အော်တွင် ၂၄ နာရီအတွင်း မုန်တိုင်းငယ်ဖြစ်နိုင်

ဘင်္ဂလားပင်လယ်အော်မှာ ဖြစ်ပေါ်နေတဲ့ လေဖိအားနည်းရပ်ဝန်းဟာ ပိုမိုအားကောင်း လာကာ နောက်၂၄ နာရီအတွင်း မုန်တိုင်းငယ် (Depression) အဖြစ်သို့ ရောက်ရှိနိုင်တယ်လို့ မိုးဇလဌာနက ဒီမနက်  ခန့်မှန်းထုတ်ပြန်လိုက်ပါတယ်။  ဇူလိုင် ၂ ရက် မြန်မာစံတော်ချိန် မနက် ၆နာရီခွဲအချိန် တိုင်းထွာချက်အရ ဘင်္ဂလားပင်လယ်အော် အနောက်မြောက်ပိုင်းနဲ့ ဆက်စပ်နေတဲ့ အိန္ဒိယနိုင်ငံ၊ ဩရိဿကမ်း‌ခြေမှာ ဖြစ်ပေါ်နေတဲ့ လေဖိအားနည်းရပ်ဝန်း (Low Pressure Area)ဟာ ဆက်လက်တည်ရှိနေပြီး ပိုမိုအားကောင်းလာကာ နောက်(၂၄)နာရီအတွင်း မုန်တိုင်းငယ် (Depression) အဖြစ်သို့ ရောက်ရှိ နိုင်တယ်လို့ ခန့်မှန်းထားပါတယ်။ အဆိုပါ လေဖိအားနည်းရပ်ဝန်းရဲ့ အရှိန်ကြောင့် မြန်မာ့ကမ်းရိုးတန်းတလျှောက်နဲ့ ကမ်းလွန် ပင်လယ်ပြင်တို့မှာ ရံဖန်ရံခါ မိုးသက်လေပြင်းတွေကျရောက်ပြီး လှိုင်းကြီးနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။  မိုးသက်လေ ပြင်းကျစဉ် ရေပြင်/မြေပြင်လေဟာ တစ်နာရီကို မိုင်(၄၀)အထိ တိုက်ခတ်နိုင်ပြီး လှိုင်း အမြင့်မှာ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တို့တွင် (၉)ပေမှ (၁၃)ပေခန့် ရှိနိုင်တယ်လို့ ဆိုပါတယ်။ လေဖိအားနည်းရပ်ဝန်းရဲ့ အရှိန်ကြောင့် ပြည်တွင်းလေကြောင်းပျံသန်းရေး၊ မြန်မာ့ကမ်းရိုး တန်းတစ်လျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တို့ရှိ ကမ်းနီး၊ ကမ်းဝေးငါးဖမ်းရေယာဉ်တွေ၊ သင်္ဘောတွေ အနေနဲ့ ကြိုတင်သတိပြုကြဖို့လည်း မိုးဇလဌာနက  အကြံပြုထားပါတယ်။ ဓာတ်ပုံ-DMH
2 years Ago

December 11, 2018

ဘင်္ဂလားပင်လယ်အော်တွင် ၂၄ နာရီအတွင်း မုန်တိုင်းငယ်ဖြစ်နိုင်

ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းမှာ ဖြစ်နေတဲ့ လေဖိအားနည်းရပ်ဝန်းဟာ နောက် တရက်အတွင်း မုန်တိုင်းငယ်ဖြစ်လာနိုင်ပြီး တနိုင်ငံလုံးနီးပါး မိုးရွာနိုင်တယ်လို့ မိုးလေဝသနဲ့ ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနက ထုတ်ပြန်ပါတယ်။ ဒီနေ့ နေ့လယ် ၁ နာရီခွဲအချိန် တိုင်းထွာချက်တွေအရ ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းနဲ့ ဆက်စပ်နေတဲ့ အီကွေတာအနီး အိန္ဒိယသမုဒ္ဒရာတို့မှာ ဖြစ်နေတဲ့ လေဖိအားနည်းရပ်ဝန်းဟာ ဆက်ရှိနေပြီး နောက် ၂၄ နာရီအတွင်း ပိုမိုအားကောင်းလာလို့ မုန်တိုင်းငယ်အဖြစ် ရောက်နိုင်တယ်လို့ ခန့်မှန်းထားပါတယ်။ မနက်ဖြန် မနက်အထိကတော့ စစ်ကိုင်းတိုင်းအထက်ပိုင်းနဲ့ ကချင်ပြည်နယ်တို့ကလွဲပြီး နေပြည်တော်၊ စစ်ကိုင်းတိုင်းအောက်ပိုင်း၊ မန္တလေးတိုင်း မကွေးတိုင်း၊ ချင်းပြည်နယ်တို့မှာ နေရာကွက်ကျားနဲ့ ကျန် တိုင်းနဲ့ ပြည်နယ်တွေမှာ နေရာကျဲကျဲ မိုးထစ်ချုန်းရွာမယ်လို့ ဆိုပါတယ်။ နောက် ၂ ရက်အထိမှာလည်း နေပြည်တော်၊ စစ်ကိုင်းတိုင်းအောက်ပိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊  ရှမ်းပြည်နယ်နဲ့ ရခိုင်ပြည်နယ်တို့မှာ နေရာကွက်ကျားက နေရာကျဲကျဲ မိုးထစ်ချုန်းရွာနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။ ပြီးခဲ့တဲ့  ၂၄ နာရီအတွင်းက တနင်္သာရီတိုင်းမှာ နေရာကျဲကျဲ၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ ရှမ်းပြည်နယ် (တောင်ပိုင်းနဲ့ အရှေ့ပိုင်း)၊ ချင်းပြည်နယ်နဲ့ ရခိုင်ပြည်နယ်တို့မှာ နေရာကွက်ကျား မိုးထစ်ချုန်းရွာခဲ့ပြီး စစ်တွေမြို့မှာ သုည ဒသမ ၄၇ လက်မ၊ မာန်အောင်မြို့မှာ သုည ဒသမ ၃၂ လက်မ၊ တောင်ကုတ် မြို့နဲ့ ကော့သောင်းမြို့တို့မှာ သုည ဒသမ ၀၈ လက်မစီ ရွာခဲ့ပါတယ်။
3 years Ago
More News
Up