ဘင်္ဂလားကျားအုပ်စု တိုက်ခိုက်ခံရသဖြင့် ရှားပါးကျားဖြူအမတကောင် သေဆုံး

September 22, 2017

ဘင်္ဂလားကျားအုပ်စု တိုက်ခိုက်ခံရသဖြင့် ရှားပါးကျားဖြူအမတကောင် သေဆုံး (ရုပ်သံ)

အိန္ဒိယနိုင်ငံ သားရိုင်းတိရစ္ဆာန်ဥယျာဉ်တခုတွင်းမှာ ရှားပါး ကျားဖြူအမတကောင်ဟာ ဘင်္ဂလားကျားအုပ်စု တိုက်ခိုက်ခံရပြီး ဒဏ်ရာတွေနဲ့ သေဆုံးသွားခဲ့ပါတယ်။ ဒီအဖြစ်အပျက်ဟာ အိန္ဒိယနိုင်ငံတောင်ပိုင်း ပြည်နယ်တခုဖြစ်တဲ့ ကာနတ်တ်ကာပြည်နယ်တွင်းက ဘန်နာဂတ်တာ ဇီဝမျိုးစုံ မျိုးကွဲဥယျာဉ်ထဲမှာ ဖြစ်ခဲ့တာလို့ မေရာသတင်းတပုဒ်မှာ စက်တင်ဘာ ၂၁ ရက်နေ့က ဖော်ပြပါတယ်။ သေဆုံးသွားတဲ့ ၉ နှစ်အရွယ် ကျားဖြူမကြီးရဲ့ အမည်ကိုတော့ ရှာရီယက်စ်လို့ ပေးထားခဲ့တာဖြစ်ပြီး လှောင်အိမ်တွင်း ထိခိုက်ဒဏ်ရာတွေနဲ့ သေဆုံးနေတာကို မနက်ခင်းအစောပိုင်းမှာ တွေ့ရှိခဲ့ကြတာပါ။ ဒါဟာ တာဝန်ကျ ထိန်းသိမ်းရေးဝန်ထမ်းတဦးက လှောင်အိမ်တံခါးကို မပိတ်ခဲ့မိလို့ ဘင်္ဂလားကျားအုပ်စုက ဝင်ရောက်တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။ ကျားမကြီး ရှာရီယက်စ်ဟာ ဘင်္ဂလားကျားအုပ်စုက သူ့ဆီရောက်လာချိန်မှာ အာရုံလွှဲပြောင်းဖို့ အနီးနားက သူနဲ့မျိုးတူ အာမာအမည်ရတဲ့ ကျားရှိရာလှောင်အိမ်ဆီ ချဉ်းကပ်ဖို့ ကြိုးစားခဲ့တာကို ရုပ်သံဗွီဒီယိုဖိုင်ထဲမှာ တွေ့ရပါတယ်။ ဒါပေမယ့် မအောင်မြင်ခဲ့ဘဲ ဘင်္ဂလားကျားအုပ်စုကြီးဟာ ဟိန်းဟောက်သံတွေနဲ့ ခုန်အုပ် ကိုက်ခဲခဲ့တာပါ။ လက်ရှိမှာတော့ သက်ဆိုင်ရာ တာဝန်ရှိသူတွေဟာ ဒီကိစ္စကို စုံစမ်းစစ်ဆေးနေကြဆဲဖြစ်တယ်လို့ ဆိုပါတယ်။ အစိုးရ သစ်တောဌာန ကာကွယ်ထိန်းသိမ်းရေးဆိုင်ရာ အကြီးအကဲတဦးဖြစ်တဲ့ စီဂျေရာရမ်က “တချိန်တည်းမှာပဲ ဘာတွေဖြစ်ခဲ့သလဲ ဆိုတာကို စုံစမ်းမှုတွေ လုပ်ရပါမယ်။ ဒါမျိုး နောက်ထပ်မဖြစ်သင့်ပါဘူး။ အလုပ်ကို စိတ်မဝင်စားတဲ့ ဝန်ထမ်းတွေကိုလည်း အပြစ်ပေးသင့်ပြီး ဘင်္ဂလားကျားတွေကိုလည်း လိုအပ်တဲ့ လေ့ကျင့်အပြစ်ပေးမှုတွေ လုပ်ရပါမယ်” လို့ ပြောပါတယ်။
4 years Ago
Up