ဘဂ်ဟာဒီ

October 29, 2019

အိုင်အက်စ်ခေါင်းဆောင် ဘဂ်ဟာဒီ သေဆုံးသွားပြီဟု အမေရိကန် သမ္မတကြေညာ 

ဆီးရီးယားအနောက်မြောက်ပိုင်းမှာ အမေရိကန်အထူးတပ်ဖွဲ့ရဲ့ ဝင်ရောက်စီးနင်းမှုအတွင်း အိုင်အက်စ်ခေါင်းဆောင် အဘူဘာခ်အယ် ဘဂ်ဟာဒီ သေဆုံးသွားပြီလို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အောက်တိုဘာ ၂၇ ရက်နေ့မှာ ကြေညာပါတယ်။  ဒါဟာ အိုင်အက်စ်စစ်သွေးကြွ အဖွဲ့အတွက်တော့ ကြီးမားတဲ့ ပြိုလဲမှုတခု ဖြစ်ပါတယ်။ သမ္မတ ထရမ့်ကတော့ “အမေရိကန်အထူးတပ်တွေရဲ့ စစ်ဆင်ရေးအတွင်း ဘဂ်ဟာဒီဟာ ဖောက်ခွဲရေးအင်္ကျီနဲ့ အသေခံဗုံးခွဲခဲ့ပြီး သတ်သေခဲ့တယ်။ ဘဂ်ဟာဒီ သေဆုံးသွားပြီဆိုတာကို အခိုင်အမာအတည်ပြုတယ်”လို့ ရုပ်သံမိန့်ခွန်းမှာ ပြောခဲ့ပါတယ်။  အဲဒီ စစ်ဆင်ရေးအတွင်း အမေရိကန်တပ်ဖွဲ့0ဝင်တွေ ထိခိုက်သေဆုံးတာ မရှိဘဲ ပူးပေါင်းကူညီခဲ့တဲ့ ရုရှား၊ တူရကီ၊ ဆီးရီးယားနဲ့ အီရတ်တို့ကို ကျေးဇူးတင်တယ်လို့ သမ္မတက ဆက်ပြောပါတယ်။ ၂၀၁၄ ခုနှစ်က ဆီးရီးယားနဲ့ အီရတ်နယ်မြေတော်တော်များများကို ထိန်းချုပ်ခဲ့တဲ့ အိုင်အက်စ် စစ်သွေးကြွအဖွဲ့ရဲ့ ခေါင်းဆောင် ဘဂ်ဟာဒီကို အမေရိကအစိုးရက ရှာဖွေနေတာ အချိန်တော်တော်ကြာခဲ့ပါပြီ။ မကြာသေးခင် နှစ်တွေမှာတော့ ဆီးရီးယားနဲ့ အီရတ် အစိုးရတွေနဲ့ ထိုးစစ်ကြောင့် အိုင်အက်စ်ဟာ သူတို့ရဲ့ နယ်မြေတွေကို တဖြည်းဖြည်း လက်လွှတ်ဆုံးရှုံးခဲ့ရပြီး အရေးနိမ့်ခဲ့ပါတယ်။ အိုင်အက်စ်ခေါင်းဆောင် ကျဆုံးသွားပေမယ့် အိုင်အက်စ်တွေရဲ့ လျှို့ဝှက်အစီအစဉ်တွေ ချုံခိုတိုက်ခိုက်မှုတွေရဲ့ အန္တရာယ်ရှိနေသေးတယ်လို့ လုံခြုံရေးဆိုင်ရာ ကျွမ်းကျင်သူ တော်တော်များများက သုံးသပ်ကြပါတယ်။
2 years Ago
Up