ဘက်ဟိုးယာဉ်

July 9, 2020

စစ်ကိုင်းတွင် ဘက်ဟိုးယာဉ်ကို ကုန်တင်ယာဉ်ဝင်တိုက်၊ စည်ပင်နေ့စား ဝန်ထမ်း ၁ ဦးသေဆုံး

စစ်ကိုင်းမြို့အဝင် မုံရွာ - မန္တလေး လမ်းဘေးမှာ စည်ပင်သာယာလုပ်ငန်း လုပ်ကိုင်နေတဲ့ ဘက်ဟိုးယာဉ်ကို ကုန်တင်ယာဉ်က ဇူလိုင်လ ၈ ရက်နေ့ နေ့လယ်ပိုင်းက ဝင်တိုက်တဲ့အတွက် စည်ပင်နေ့စားဝန်ထမ်း ၁ ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။ မန္တလေး ဘက်ကနေ မောင်းလာတဲ့ ကုန်တင်ယာဉ်ဟာ စည်ပင်သာယာ လမ်းလုပ်ငန်းလုပ်နေတဲ့ ဘက်ဟိုးယာဉ်အသေးကို အရှိန်လွန်ဝင်တိုက်ခဲ့တာဖြစ်ပြီး စည်ပင် နေ့စား အလုပ်သမား အသက် ၄၀ အရွယ် ဦးသိန်းဇော်ဟာ အခင်းဖြစ်ပွားတဲ့နေရာမှာ သေဆုံးခဲ့ပါတယ်။ ကုန်တင်ယာဉ်ကို မောင်းနှင်လာတဲ့ ဧပရယ်သိန်းနဲ့အတူ ယာဉ်ပေါ်မှာပါလာတဲ့ အောင်မျိုးဝင်းတို့ကတော့ မစိုးရိမ်ရတဲ့ ခြေထောက် ဒဏ်ရာတွေရခဲ့တယ်လို့ စစ်ကိုင်းမြို့မရဲစခန်း က သိရပါတယ်။ ယာဉ်တိုက်မှုနဲ့ ပတ်သက်လို့ ကုန်တင်ယာဉ်မောင်း ဧပရယ်သိန်းကို ယာဉ် (ပ)၄၀/၂၀၂၀ ရာဇသတ်ကြီးပုဒ်မ ၃၃၈/၃၀၄ (က) နဲ့ အမှုဖွင့် ထားတယ်လို့ သိရပါတယ်။ သတင်း- နိုင်လင်းဦး၊ ဓာတ်ပုံ - စောရန်ပိုင်
1 year Ago
Up