ဗြိတိသျှကိုကိုမောင်

May 9, 2020

လမ်းမတော်ဖိုးတုတ်အကြောင်းစာအုပ် ရုပ်ရှင်ရိုက်ကူးရန် ဒါရိုက်တာ ဏကြီး ဝယ်ယူ

တခေတ်တခါက ထင်ရှားခဲ့တဲ့ ရန်ကုန်မြို့က လူမိုက်တွေအကြောင်း ပုံဖော်ရေးသားထားတဲ့ The Guys of Rangoon စာအုပ်ကို ရုပ်ရှင်အနေနဲ့ ရိုက်ကူးဖို့ ဒါရိုက်တာ ဏကြီးက ဝယ်ယူလိုက်ပြီလို့ သိရပါတယ်။ ဒီစာအုပ်ကိုတော့ သရော်စာတွေ ရေးသားရာကနေ နာမည်ကြီးလာတဲ့ ဗြိတိသျှကိုကိုမောင် ခေါ် စာရေးဆရာ ခက်ဇော်က ရေးသားထားခဲ့ပြီး သူ့ရဲ့ ဖေ့စ်ဘွတ်ခ်အင်တာနက် လူမှုကွန်ရက်ပေါ် အပိုင်းလိုက်တင်ခဲ့ပြီး မျှဝေခဲ့ရာကနေ ရေပန်းစားလာခဲ့တာပါ။ လွန်ခဲ့တဲ့ ၁၉၃၀ ပြည့်လွန်ကာလတဝိုက် ရန်ကုန်မြို့မှာ ထင်ရှားခဲ့တဲ့ လမ်းမတော်ဖိုးတုတ်ကို ဇာတ်အိမ်ပြုပြီး အဲဒီခေတ်ကာလက လူမိုက်တွေအကြောင်း ပုံဖော်ထားတဲ့ ဒီစာအုပ်ကိုတော့ ငါတို့စာပေကနေ ဖြန့်ချိထုတ်ဝေဖို့ စီစဉ်ခဲ့ချိန်မှာပဲ ခုလို ဝယ်ယူလိုက်တာဖြစ်ပြီး စာအုပ်အမှာစာတွေဟာလည်း အုပ်ရေ ၁ သောင်းကျော်ထိ စံချိန်တင် ရရှိခဲ့တယ်လို့ သိရပါတယ်။ လူငယ်ဒါရိုက်တာ တယောက်ဖြစ်တဲ့ ဏကြီးဟာ စာရေးဆရာမကြီး ကြည်အေးရဲ့ ‘မီ’ ဝတ္ထုကို ရုပ်ရှင်အနေနဲ့ ရိုက်ကူးပုံဖော်ရာကနေ ပရိသတ်လက်ခံအားပေးမှု ရရှိထားခဲ့သူတဦး ဖြစ်ပါတယ်။ လက်ရှိမှာတော့ ရုပ်ရှင်ရိုက်ကူးဖို့ ခုလိုထပ်မံဝယ်ယူလိုက်တဲ့ ဒီသတင်းအပေါ် ပရိသတ်တွေကရော အနုပညာရှင်တွေကပါ ဝမ်းမြောက်ချီးကျူး မှတ်ချက်တွေ ပေးနေကြပါတယ်။
12 months Ago
Up