ဗြိတိန်အစိုးရက ဆင်းရဲတဲ့ ကလေးတွေကို ထောက်ပံ့ဖို့ အမေရိကန်ဒေါ်လာ ၅၂၁ သန်း သုံးမယ်လို့ ကတိပြုခဲ့တာကြောင့် ပျော်ရွှင်ရကြောင်း မန်ချက်စတာ ယူနိုက်တက်နဲ့ အင်္ဂလန် ဘောလုံးအသင်းတို့ရဲ့ ရှေ့တန်း တိုက်စစ်မှူး မားကပ်စ် ရက်ရှ်ဖို့ဒ်က ဘီဘီစီသတင်းဌာနကို နိုဝင်ဘာ ၇ ရက်မှာ ပြောပါတယ်။
ဒီဆောင်းတွင်းမှာ မိသားစုတွေ ဆာလောင်မွတ်သိပ်ပြီး မရှိမဖြစ် လိုတဲ့ ပစ္စည်းတွေ မပါဘဲ နေစရာ မလိုအောင် ဟန့်တားဖို့ အပိုထောက်ပံ့မှုတွေ ပေးတော့မှာပါ။
နာမည်ကျော် ဘောလုံးသမား ရက်ရှ်ဖို့ဒ်က အခွင့်အရေး နည်းတဲ့ ကလေးတွေကို ကျောင်းမှာ စားစရာ အခမဲ့ပေးတဲ့ အစီအစဉ် သက်တမ်းတိုးဖို့ ဆော်သြခဲ့ပါတယ်။
စနေနေ့မှာတော့ ဒီအစီအစဉ်ကို အကြောင်းကြားဖို့ ဗြိတိန်ဝန်ကြီးချုပ် ဘောရစ် ဂျွန်ဆင်က ရက်ရှ်ဖို့ဒ်ကို တယ်လီဖုန်းဆက်ခဲ့ပါတယ်။
ဆောင်းရာသီအစီအစဉ်ဟာ ကလေးငယ် ၁ ဒသမ ၇သန်း နီးပါးကို စားနပ်ရိက္ခာနဲ့ ကုန်ကျ စရိတ်တွေ ထောက်ပံ့မှာဖြစ်လို့ သူတို့ရဲ့ ဘဝတွေကို တိုးတက်စေမှာပါ။
ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါ အကြပ်အတည်းအတွင်း ကလေးတွေကို ကူညီမှုအတွက် MBE ဆုကို ရထားတဲ့ ရက်ရှ်ဖို့ဒ်ဟာ နွေကျောင်းပိတ်ရက်အတွင်း ကလေးတွေ စားနပ်ရိက္ခာ အခမဲ့ ရတာ သေချာစေရေး သူ့ တိုက်ပွဲကို နိုင်အပြီးမှာ အစိုးရကို ဆက်ပြီး တွန်းအားပေးခဲ့ပါတယ်။
4 months Ago