ဗြိတိန်ဝန်ကြီးချုပ်

November 29, 2022

တရုတ်နှင့် ဆက်ဆံရေးရွှေခေတ် အဆုံးသတ်သွားပြီဟု ဗြိတိန်ဝန်ကြီးချုပ် ပြော

တရုတ်နိုင်ငံနဲ့ ဆက်ဆံရေးရွှေခေတ်လို့ ခေါ်ဆိုတဲ့ကာလ အဆုံးသတ်သွားပြီလို့ ဗြိတိသျှဝန်ကြီးချုပ် ရီရှီဆူးနတ်ခ်က နိုဝင်ဘာ ၂၈ ရက်မှာ ပြောကြားလိုက်ပြီး ဗြိတိန်ရဲ့ အကျိုးစီးပွားနဲ့ တန်ဖိုးထားမှုတွေအပေါ် ပေကျင်းရဲ့ စနစ်တကျ စိန်ခေါ်ချက်က ပိုပြင်းထန်လာတယ်လို့လည်း ဆိုပါတယ်။

သူ့ရဲ့ ပထမဆုံး နိုင်ငံခြားရေးမူဝါဒ မိန့်ခွန်းမှာ ဆူးနတ်ခ်က တရုတ်နိုင်ငံအပေါ် ဗြိတိန်ရဲ့ ချဉ်းကပ်မှုဟာ တိုးတက်ပြောင်းလဲဖို့ လိုအပ်ပြီး ပေကျင်းဟာ နိုင်ငံတော်အာဏာရဲ့ အရှိန်အဝါအားလုံးကို အသုံးပြုကာ ကမ္ဘာလုံးဆိုင်ရာ သြဇာလွှမ်းမိုးမှုကို သတိရှိရှိ ယှဉ်ပြိုင်နေတယ်လို့ ပြောသွားပါတယ်။

ဝန်ကြီးချုပ်ဆူးနတ်ခ်က “ကုန်သွယ်မှုက လူမှုရေးနဲ့ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုဆီကို အလိုအလျောက် ဦးတည်လာလိမ့်မယ်ဆိုတဲ့ နုံနုံအအ အယူအဆနဲ့အတူ တရုတ်နဲ့ ဆက်ဆံရေးရွှေခေတ်က ပြီးဆုံးသွားပါပြီ။ သူ့ပြည်သူတွေရဲ့ ဆန္ဒပြပွဲတွေက အသံတွေကို နားထောင်ရမယ့်အစား တရုတ်အစိုးရက ဘီဘီစီသတင်းထောက်ကို စော်ကားမှု အပါအဝင် နောက်ထပ် နှိမ်နင်းဖို့ ရွေးချယ်ခဲ့ပါတယ်။ မီဒီယာတွေနဲ့ ကျ‌နော်တို့ရဲ့ လွှတ်တော်ကိုယ်စားလှယ်တွေဟာ ရှင်းကျန်းမှာ အလွဲသုံးစားမှုတွေနဲ့ ဟောင်ကောင်မှာ လွတ်လပ်မှုကို ပြန်လျှော့ချခြင်း အပါအဝင် ကိစ္စရပ်တွေကို ပိတ်ဆို့ထားမှုမရှိဘဲ မီးမောင်းထိုးပြနိုင်ရပါမယ်” လို့ ပြောသွားတာပါ။

အခုလ ဘာလီမှာကျင်းပတဲ့ G20 ထိပ်သီးအစည်းအဝေးမှာ ဆူးနတ်ခ်နဲ့ တရုတ်သမ္မတ ရှီကျင့်ဖျင်တို့အကြား စီစဉ်ထားတဲ့ တွေ့ဆုံမှုက ပျက်သွားခဲ့ပြီး ပြီးခဲ့တဲ့သီတင်းပတ်က လန်ဒန်ဟာ အရေးကြီး အစိုးရအဆောက်အအုံတွေမှာ တရုတ်လုပ် လုံခြုံရေးကင်မရာတွေကို ပိတ်ပင်ပစ်ခဲ့ပါတယ်။

ဆူးနတ်ခ်က သူ့ဦးဆောင်မှုအောက်မှာ ဗြိတိန်ဟာ “ပိုနေမြဲ ကျားနေမြဲ အနေအထား” ကို ရွေးချယ်မှာ မဟုတ်ကြောင်းနဲ့ နိုင်ငံတကာ ပြိုင်ဘက်တွေကိုလည်း ကြီးကြီးကျယ်ကျယ် စကားလုံးတွေနဲ့မဟုတ်ဘဲ ခိုင်မာပြီး လက်တွေ့ကျတဲ့ဝါဒနဲ့ ရင်ဆိုင်သွားမယ်လို့ ပြောကြားခဲ့ပါတယ်။

ယူကရိန်းအရေးမှာ ဝန်ကြီးချုပ်ဟောင်း ဘောရစ္စဂျွန်ဆင်နဲ့ ထရပ်စ်တို့က ကမ်းလှမ်းထားတဲ့ ခိုင်မာတဲ့ ထောက်ခံမှုကို ဆက်ထိန်းထားပြီး လာမယ့်နှစ်မှာ ကိယက်ဗ်အတွက် စစ်ရေးအကူအညီကို ဆက်လက်ထိန်းသိမ်း တိုးမြှင့်သွားမှာဖြစ်ပြီးတော့ လေကြောင်းရန် ကာကွယ်ရေးအတွက် အထောက်အပံ့အသစ်တွေ ပံ့ပိုးပေးသွားမှာဖြစ်ကြောင်းလည်း သူက ဆိုပါတယ်။

ဗြိတိန်ဟာ ရုရှားနဲ့ တရုတ်လို သူ့ရဲ့ရန်ဘက်တွေနဲ့ ပြိုင်ဘက်တွေကို အလားတူ ရေရှည်ချဉ်းကပ်မှုမျိုး လိုအပ်ကြောင်း ဆူးနတ်ခ်က ပြောကြားခဲ့ပါတယ်။

2 days Ago

October 25, 2022

ဗြိတိန်၏ ပထမဆုံး အာရှနွယ်ဖွား ၀န်ကြီးချုပ် ရီရှီဆူးနတ်ခ် ဖြစ်လာမည်

ဗြိတိန်ဘဏ္ဍာရေးဝန်ကြီးဟောင်း ရီရှီဆူးနတ်ခ်ဟာ အောက်တိုဘာ ၂၄ ရက်မှာ အာဏာရကွန်ဆာဗေးတစ်ပါတီရဲ့ ခေါင်းဆောင်သစ်အဖြစ် အတည်ပြုရွေးချယ်ခံရပြီးတဲ့နောက် ဗြိတိန်နိုင်ငံရဲ့ ပထမဆုံးသော အာရှနွယ်ဖွား ၀န်ကြီးချုပ် ဖြစ်လာဖို့ရှိနေပါတယ်။

ဗြိတိန်ကွန်ဆာဗေးတစ်ပါတီ ခေါင်းဆောင် ဝန်ကြီးချုပ်လောင်းအဖြစ် ဆူးနတ်ခ်ရဲ့ အဓိက ပြိုင်ဘက် ပန်နီ မားဒေါင့်က ဆူးနတ်ခ်ကို အပြည့်အဝ ထောက်ခံတယ်လို့ ပြောအပြီး အောက်တိုဘာ ၂၄ ရက်မှာ ပြိုင်ပွဲကနေ နုတ်ထွက်သွားတဲ့အတွက် ဆူးနတ်ခ်က ပါတီခေါင်းဆောင်ဖြစ်လာတာပါ။

သူ့ရဲ့ ပါတီနဲ့ ယူကေနိုင်ငံ ညီညွတ်ရေးအတွက် အစွမ်းကုန် ဦးစားပေးလုပ်ဆောင်သွားမှာဖြစ်ပြီး အရေးကြီးတဲ့ စီးပွားရေးဆိုင်ရာ စိန်ခေါ်မှုတွေကို ရင်ဆိုင်သွားမယ်လို့  ပါတီခေါင်းဆောင်ဖြစ်လာပြီးနောက် ပြောကြားတဲ့ ပထမဆုံးမိန့်ခွန်းမှာ ဆူးနတ်ခ်က ပြောပါတယ်။

စက်တင်ဘာလက ဝန်ကြီးချုပ်ရာထူးအတွက်ယှဉ်ပြိုင်မှုမှာ ရာထူးကနုတ်ထွက်သွားတဲ့ လစ်ဇ် ထရပ်စ်ကို ရှုံးနိမ့်ပြီးတဲ့နောက် အသက် ၄၂ နှစ်အရွယ်ရှိ ဟိန္ဒူဘာသာဝင် ဆူးနတ်ခ်ဟာ ဒီပါဝလီပွဲတော်နေ့မှာ ခေါင်းဆောင်သစ်အဖြစ် အတည်ပြုခံခဲ့ရတာပါ။

ဆူးနတ်ခ် အခုလို  ဗြိတိသျှနိုင်ငံရေးရဲ့ အထွတ်အထိပ်ထိ တက်လာတာနဲ့ ပတ်သက်ပြီး ဗြိတိန်ပြည်သူတွေကြားမှာ ခံစားချက်တွေ ရောထွေးနေကြပါတယ်။

တချို့လူတွေက ဝက်စ်မင်စတာမှာ အချမ်းသာဆုံး နိုင်ငံရေးသမားတစ်ဦးဖြစ်တဲ့ ဘဏ္ဍာရေးဝန်ကြီး ဟောင်း ဆူးနတ်ခ်ရဲ့ အမွေအနှစ်တွေ အကြောင်းကို ဂုဏ်ယူပြောဆိုကြပြီး တချို့က သူရဲ့မူဝါဒနဲ့ ထိရောက်မှုက လူမျိုးစုထက် အများကြီး ပိုအရေးကြီးတယ်လို့ ပြောဆိုကြပါတယ်။

ဆူးနတ်ခ် ဝန်ကြီးချုပ်ဖြစ်လာဖို့ဆိုတာ လွန်ခဲ့တဲ့ ၁၀ နှစ် ဒါမှမဟုတ် အနှစ် ၂၀ လောက်က ဖြစ်နိုင်ခြေ နည်းတယ်လို့ ထင်ရတယ်လို့ ဗြိတိန်အနာဂတ် တတ်သိပညာရှင် အဖွဲ့က ဒါရိုက်တာ ဆန်ဒါ ကတ်ဝါလာက ရိုက်တာ သတင်းဌာနကို ပြောပါတယ်။

ဒီသတင်းဟာ ဗြိတိန်ရဲ့လူထုဘဝနဲ့ အသက်မွေးဝမ်းကြောင်းဆိုင်ရာ ကျယ်ပြန့်တဲ့ အပြောင်းအလဲတွေကို ကိုယ်စားပြုတယ်လို့လဲ ကတ်ဝါလာက ပြောပါတယ်။

ဆူးနတ်ခ်ဟာ အာဏာရ ကွန်ဆာဗေးတစ်ပါတီကို ဦးဆောင်ဖို့ တခြားကိုယ်စားလှယ်လောင်းတွေ အပြိုင်အဆိုင် နုတ်ထွက်ပြီးတဲ့နောက်မှာ ဗြိတိန်ဝန်ကြီးချုပ် ဖြစ်လာဖို့ရှိနေပြီး နိုင်ငံလက်ရှိကြုံနေရတဲ့ စီးပွားရေးအကျပ်အတည်းကို ဖြတ်ကျော်ဖို့ ကြိုးပမ်းအားထုတ်ရမှာ ဖြစ်ပါတယ်။

ဆူးနတ်ခ်ဟာ ချားလ်ဘုရင်ရဲ့ တရားဝင်ခန့်အပ်လွှာရပြီးရင်  အင်္ဂါနေ့မှာ ဝန်ကြီးချုပ်တာဝန်စယူမှာဖြစ်ပြီး   ပထမဆုံး အိန္ဒိယနွယ်ဖွား ဝန်ကြီးချုပ်နဲ့ နှစ်ပေါင်း ၂၀၀ ကျော်အတွင်း အသက်အငယ်ဆုံး ဝန်ကြီးချုပ် ဖြစ်လာတော့မှာပါ။

1 month Ago
More News
Up