ဗြိတိန်ပြည်ထဲရေးဝန်ကြီး

October 17, 2021

လွှတ်တော်အမတ်များ၏ လုံခြုံရေးအတွက် စီမံထားဟု ဗြိတိန်ပြည်ထဲရေးဝန်ကြီး ပြော

လွှတ်တော်အမတ်တွေ သူတို့တာဝန်ကို ဆက်ထမ်းဆောင်ဖို့ လုံခြုံရေး အစီအမံတွေ ချမှတ်သွားမယ်လို့ ဗြိတိန်ပြည်ထဲရေးဝန်ကြီး ပရီတီပတေးလ်က အောက်တိုဘာ ၁၆ ရက်မှာ ပြောပါတယ်။ 

ဒီမိုကရေစီကို တိုက်ခိုက်တဲ့ လူတွေ အောင်မြင်မှာ မဟုတ်ဘူးလို့လည်း သူက ပြောလိုက်ပါတယ်။

အောက်တိုဘာ ၁၅ ရက်က အသက် ၆၉ နှစ်အရွယ် လွှတ်တော်အမတ် ဒေးဗစ် အာမက်စ်ဟာ ဓားနဲ့အချက်ပေါင်းများစွာ အထိုးခံခဲ့ရပါတယ်။

ရွေးကောက်ခံ ဒီမိုကရက်တစ် အဖွဲ့ဝင်တွေအနေနဲ့ သူတို့တာဝန်ကို ထမ်းဆောင်နိုင်ဖို့ လွှတ်တော် အမတ်တွေရဲ့ လုံခြုံရေးအတွက် အစီအမံတွေ အားလုံး လုပ်ပေးနေပြီလို့ ဓားထိုးမှုဖြစ်တဲ့ နေရာနားမှာ ဝန်ကြီးက မီဒီယာကို ဖြေကြားခဲ့ပါတယ်။

ပွင့်လင်းတဲ့ လူ့အဖွဲ့အစည်းထဲမှာနေပြီး ရွေးကောက်ခံ ဒီမိုကရေစီ တာဝန်တွေကို ထမ်းဆောင်ဖို့ လုပ်ငန်းစဉ်တွေကနေ  ဟန့်တားဖို့ ဘယ်တဦးတယောက်ရဲ့ ချိုးနှိမ်မှုကိုမှ ခံနိုင်မှာမဟုတ်ဘူးလို့ လည်း ပတေးလ်က ပြောပါတယ်။

လွန်ခဲ့တဲ့ ငါးနှစ်ကလည်း အတိုက်အခံလေဘာပါတီက အမတ် ဂျိုးကောက်စ်ဟာ သူ့ရဲ့ မဲဆန္ဒ နယ်မြေထဲမှာ မဲရှင်တွေနဲ့ တွေ့ဖို့ ပြင်ဆင်နေတုန်း အသတ်ခံခဲ့ရဖူးပါတယ်။

3 months Ago

November 21, 2020

ကျင့်ဝတ်ချိုးဖောက်ခဲ့မှုအတွက် ဗြိတိန်ပြည်ထဲရေးဝန်ကြီး တောင်းပန်

လူတဖက်သားအပေါ် ထိခိုက်သွားစေနိုင်တဲ့ မိမိအပြုအမူအတွက် တောင်းပန်ပါတယ်လို့  ဗြိတိန်ပြည်ထဲရေးဝန်ကြီး ပရီတီ ပတယ်က  နိုဝင်ဘာလ ၂၀ ရက်မှာ ပြောဆိုခဲ့ပါတယ်။  ပြည်ထဲရေးဝန်ကြီး ပတယ်ဟာ ဝန်ထမ်းတွေအပေါ်  အော်ငေါက်တာနဲ့ ဆဲဆိုတာအပါအဝင် ဝန်ကြီးဌာန ကျင့်ဝတ်တွေကို  ချိုးဖောက်ခဲ့တယ်လို့  စုံစမ်းရေးအစီရင်ခံစာက မှတ်ချက်ပြုပြီးနောက်မှာ  သူက တောင်းပန်လိုက်တာပါ။  သီးခြားအကြံပေး အဲလက်စ် အလန်က ပြုလုပ်တဲ့ အစီရင်ခံစာက ပြည်ထဲရေး ဝန်ကြီး  ပတယ်ရဲ့ အပြုအမူဟာ ဝန်ထမ်းတွေကို လေးလေးစားစား ဆက်ဆံသင့်တယ်ဆိုတဲ့ ဗြိတိန်ဝန်ကြီးဌာန ကျင့်ဝတ်တွေနဲ့ မကိုက်ညီဘူးလို့ ဆိုပါတယ်။  များသောအားဖြင့် ကျင့်ဝတ်ချိုးဖောက်တာကို တွေ့ရှိရင် ဝန်ကြီးတွေဟာ ရာထူးကနေ နုတ်ထွက်လေ့ရှိပါတယ်။ ဒါပေမဲ့ ပတယ်ကတော့ သူဟာ တခြားလူတွေအပေါ် ထိခိုက်လိုစိတ် မရှိခဲ့ဘူးလို့ ပြောဆိုခဲ့ပြီး ဝန်ကြီးချုပ် ဂျွန်ဆင်ကလည်း ပတယ်ဟာ ကျင့်ဝတ် မချိုးဖောက်ခဲ့ဘူးဆိုပြီး ဆုံးဖြတ်ခဲ့တယ်လို့ အစိုးရ ထုတ်ပြန်ချက်က ဆိုပါတယ်။  ပတယ်မှာ အပြစ်မရှိဘူးလို့ ဂျွန်ဆင်က ဆုံးဖြတ်ပြီးပြီးချင်းမှာပဲ  စုံစမ်းရေး ပြုလုပ်တဲ့ အလန်က ရာထူးက နုတ်ထွက်ခဲ့ပြီး အတိုက်အခံတွေကလည်း ဝန်ကြီးချုပ်ဟာ အနိုင်ကျင့်မှုကို ခွင့်ပြုနေတယ်ဆိုပြီး စွပ်စွဲခဲ့ပါတယ်။  
1 year Ago
Up