ဗျူဟာမြောက်

October 4, 2020

ဗျူဟာမြောက် ကမ္ဘာ့အရှည်ဆုံးဥမင် အိန္ဒိယတွင် ဖွင့်လှစ်

အိန္ဒိယဝန်ကြီးချုပ် နရင်ဒြာမိုဒီဟာ နိုင်ငံမြောက်ပိုင်း ဟိမချယ်ပရာဒေ့ရှ်မှာရှိတဲ့ ကမ္ဘာ့ အရှည်ဆုံး ကုန်းမြင့်ဒေသဥမင်ဖွင့်ပွဲကို အောက်တိုဘာ ၃ ရက်က အခမ်းအနားနဲ့ ဖွင့်လှစ်ခဲ့ပါတယ်။  ၉ ဒသမ၀၂ ကီလိုမီတာရှည်တဲ့ ဥမင်ဟာ လာဒက်ဒေသထဲမှာ တပ်ချထားတဲ့ စစ်သည်တွေနဲ့ ရာသီမရွေး ဆက်သွယ်နိုင်ဖို့ စီစဉ်ထားတာပါ။  အေးမြတဲ့ ကန္တာရဒေသထဲမှာ ရှိပြီး တရုတ်နဲ့ လက်ရှိ အခြေအနေ တင်းမာနေတဲ့အချိန်မှာ ဒီဥမင်ဟာ ဗျူဟာအရ အရေးကြီးပါတယ်။  ဒီဥမင်ဟာ အမေရိကန်ဒေါ်လာ ၄၇၈ သန်းနီးပါး ကုန်ကျပြီး ဆောက်လုပ်ရေးပြီးစီးဖို့ ဆယ်နှစ်အချိန်ယူခဲ့ရပါတယ်။ အမြင့်ပေ ၁ သောင်းကျော်မှာ ရှိတဲ့ ဒီဥမင်ဟာ ဖောက်လုပ်ဆဲ အဝေးပြေးလမ်းနဲ့ ချိတ်ဆက် မှာဖြစ်ပြီး အဆင်သင့်ဖြစ်ချိန်မှာ နှင်းကန္တာရဒေသ လာဒက်ကနေ အိန္ဒိယတနိုင်ငံလုံးကို တနှစ်ပတ် လုံး ဆက်သွယ်နိုင်မှာပဲ ဖြစ်ပါတယ်။   ဥမင်နဲ့ချိတ်ဆက်မယ့် ၁၇၅ မိုင်ရှည်တဲ့ နင်မူ-ပါဒမ်-ဒါချာ အဝေးပြေးလမ်းကို သုံးနှစ်အပြီး အပြီးဖောက်လုပ်ဖို့ မျှော်လင့်ထားတယ်လို့ အရာရှိတွေက ပြောပါတယ်။  တရုတ်နဲ့ထိစပ်ပြီး မတည်မငြိမ်ဖြစ်နေတဲ့ မိုင် ၂၁၇၀ ရှည်တဲ့ နယ်စပ်တလျှောက် လမ်းတွေ၊ ဥမင်တွေ၊ တံတားတွေနဲ့ လေယာဉ်ကွင်းတွေအပါအဝင် အဓိက အခြေခံအဆောက်အဦတွေကို တိုးချဲ့ တည်ဆောက်ဖို့ အိန္ဒိယက အားထုတ်နေတာပါ။ လာဒက်ဒေသနဲ့ အိန္ဒိယ တနိုင်ငံလုံးကို ချိတ်ဆက်ထားတဲ့ အဓိကအဝေးပြေးလမ်း ၂ ခု ရှိပေမဲ့ ဆောင်းရာသီ ရောက်တိုင်း အဲဒီလမ်းတွေကို အနည်းဆုံး အချိန်လေးလလောက် ပိတ်ထားရပါတယ်။
7 months Ago
Up